၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်နှင့် မြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် မဟာဓာတ်အားလိုင်း ကွန်ရက် အတွင်းရှိ ဆက်သွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် အဆင့် မြှင့်တင်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၂၃၀ ကေဗွီ ဓာတ်အားပို့လွှတ်ရေး တာဝါတိုင် အချို့၌ လက်ရှိတပ်ဆင်ထားသော မြေစိုက်ကြိုးများကို ဓာတ်အားလိုင်း ဆက်သွယ်ရေးစနစ်သုံး ဖိုင်ဘာကြိုးများဖြင့် အစားထိုး လဲလှယ်သွားမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၃၀ ကေဗွီ ဝါးတရာ-လှိုင်သာယာ၊ အနောက် ပိုင်းတက္ကသိုလ်-ရွာမ နှင့် ရွာမ-လှိုင်သာယာ ဓာတ်အားလိုင်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွား မည်ဖြစ်ရာ ယင်းသို့ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများ သို့ ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်းသွားမည်ဖြစ်ပြီး ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် ဝန်အားထိန်းညှိမှုများ ပြုလုပ်ရမည်ဖြစ်သဖြင့် အချို့နေရာများတွင် ဓာတ်အားယာယီ ပြတ်တောက် နိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်ညှိနှိုင်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။
အလားတူ မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင် ရေးအတွက် အောင်လံမြို့တွင် ၂၃၀/၆၆/၁၁ ကေဗွီ၊ ၁၅၅ အမ်ဗွီအေ အောင်လံပင်မဓာတ်အားခွဲရုံသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းသွယ်တန်းခြင်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ အောင်လံပင်မဓာတ်အားခွဲရုံသစ်ကို လက်ရှိ ၂၃၀ ကေဗွီ တောင်တွင်းကြီး-ရွှေတောင် မဟာဓာတ်အားလိုင်းကြီးနှင့် ချိတ်ဆက်သွားမည်ဖြစ်ပါသည်။ ထိုသို့ ချိတ်ဆက်ရာတွင် ဓာတ်အားလိုင်း လုံခြုံရေးနှင့် ဆက်သွယ်ရေးစနစ်များ ပိုမိုကောင်းမွန်စေရန် တောင်တွင်းကြီး ဓာတ်အားခွဲရုံနှင့် ရွှေတောင် ဓာတ်အားပေးစက်ရုံတို့၌ လိုအပ်သော နည်းပညာပိုင်း ဆိုင်ရာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် တောင်တွင်းကြီး ဓာတ်အားခွဲရုံမှ ရွှေတောင်ဓာတ်အားပေးစက်ရုံသို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်း (၂) လိုင်းအနက် ဓာတ်အားလိုင်း တစ်လိုင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နှင့် ဇူလိုင်လ ၄ ရက်တို့တွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
ထိုသို့ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားပို့လွှတ်နိုင်မှု လျော့နည်း သွားမည်ဖြစ်ရာ ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် လျှပ်စစ်သုံးစွဲမှု အများဆုံး အချိန်များတွင် ဝန်အားထိန်းညှိမှုများ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဓာတ်အားယာယီပြတ်တောက်မှုများ ရှိနိုင်မည် ဖြစ်ကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်အကြောင်းကြားထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။