မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေး စက်ရုံစီမံကိန်းများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ယက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ်တည်ငြိမ်စေရန်နှင့် ဗို့အားတိုးတက်ကောင်းမွန်စေရန်တို့ အတွက် ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်း၏ လက်ရှိ ACSR ဓာတ်အားလိုင်း ကြိုးကို ဝန်အား(၂)ဆကျော်အထိ တိုးမြှင့် သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးဖြင့် ဓာတ်အားပိတ်၍ အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်မှ စတင်၍ ဇွန်လ ၂၈ ရက်အထိ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းတစ်ရပ်လုံး၏ (၅၄.၇၂) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့သည်။
ဆက်လက်၍ တိုင်အမှတ် (၁၁၄) နှင့် (၁၁၅) ကြားနှင့် တိုင်အမှတ် (၁၁၈) နှင့် (၁၁၉) ကြားတို့တွင် ဓာတ်အားလိုင်းကြိုး အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ လုပ်ငန်းဆောင်ရွက်မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ ၆၆ ကေဗွီ တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် မှ ၅ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ဓာတ်အားပိတ်ထားမည် ဖြစ်ပါသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့နှင့် သစ်ရာကောက်မြို့တို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်နေ မည်ဖြစ်ကြောင်း၊ ဓာတ်အားပြတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများမှတစ်ဆင့် ကြိုတင်အသိပေးထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။