The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံစက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေး 

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ  ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီး ထောင့်မြို့နယ်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ၏ စက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ ခဲ့ရာ စက်ရုံမှူးမှ စက်ရုံ၏ ယူရီးယားဓာတ်မြေဩဇာထုတ်လုပ်နေမှု၊ စက်များပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဝန်ထမ်း များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသား စုများ သက်သာချောင်ချိရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု အခြေ အနေများအား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးမှ အသုတ်ဓာတ်အားခွဲရုံမှ စက်ရုံသို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း၏ လျှပ်စစ်ဓာတ်အားပို့လွှတ် ပေးနေမှုအခြေအနေ၊ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းခဲ့ရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ယူရီးယားဓာတ်မြေဩဇာများ ပုံမှန် ထုတ်လုပ်နိုင်ရေး   ကြိုးပမ်းဆောင်ရွက်ခဲ့ကြမှုအပေါ် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊   ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ စက်ရုံကြီးသည် စက်စတင်လည်ပတ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ယူရီးယားဓာတ်မြေဩဇာတန်ပေါင်း ၇ သိန်းနီးပါး ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာန အတွက် များစွာအကျိုးကျေးဇူး ရှိပါကြောင်း၊ ထို့အပြင် ထုတ်လုပ်သည့်ဓာတ်မြေဩဇာများအား ဖြန့်ဖြူးရာတွင် ပြင်ပပေါက်ဈေးထက် နိုင်ငံတော်မှအထူးသက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်သည့်အတွက် အသုံးပြုခွင့်ရရှိသည့် တောင်သူလယ်သမားများအတွက် များစွာအကျိုးကျေးဇူး ရှိပါကြောင်း၊  နောင်နှစ်များစွာတိုင်လည်း ယခုထက်ပိုမိုတိုးတက် ထုတ်လုပ်နိုင်သည့် စက်ရုံကြီးအဖြစ် ရပ်တည်နေနိုင်အောင် ဝန်ထမ်းများမှ ဝိုင်းဝန်းကျိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စက်ရုံပုံမှန် လည်ပတ်နိုင်ရေး သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်မီးပုံမှန်ရရှိရေးသည် အရေးကြီးပါကြောင်း၊ လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ဓာတ်အားခွဲရုံမှ စက်ရုံသို့သွယ်တန်းထားသည့် ဓာတ်အားလိုင်းအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းပြီး ပုံမှန်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဓာတ်အား လိုင်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာနှင့်စက်ပစ္စည်းလိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်းပြီး တင်ပြပေးစေလိုကြောင်း၊   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေး စဉ်ဆက်မပြတ် စီမံဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် တတ်နိုင်သလောက် ပိုမိုဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း စည်းကမ်းပြည့်ဝစွာဖြင့် လုပ်ငန်းများဆောင်ရွက် ကြစေလိုကြောင်း လမ်းညွှန်မှာ ကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြမှုများ အပေါ် လိုအပ်သောပေါင်းစပ် ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ပြီး စက်ရုံရှိ အရာထမ်းအမှုထမ်းများအား အင်အားဖြည့်အစားအစာများ ပေးအပ်ခဲ့ပါသည်။

   ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် စက်ရုံ၏ Control Room၊ အရည် အသွေးစစ်ဆေးရေးဌာန၊ စက်လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများနှင့် ထုတ်လုပ်ပြီး ဓာတ်မြေ ဩဇာများ စနစ်တကျသိုလှောင်ထားရှိမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
19-Jul-2026