

ရန်ကုန်၊ ဇူလိုင် ၁၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အနေဖြင့် တရားမဝင်နည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ (၁၃.၇.၂၀၂၆)ရက်နေ့တွင် ဝါးနက်ချောင်းကျေးရွာရှိ မီတာအမည်ပေါက် ဦးစန်းဦး၏ကော်စေ့ လုပ်ငန်းတွင် အသုံးပြုထားသော Transformer နှင့် တွဲဖက်တပ်ဆင်ထားသည့် Digital Meter ၏ Cover Seal ပြုပြင်ထားပြီး လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသဖြင့် မီတာအားချက်ချင်းဖြုတ်သိမ်းခဲ့ပါသည်။
ယင်းသို့ခိုးယူသုံးစွဲမှုကြောင့် လျှပ်စစ်ဓာတ်အားယူနစ် ၄ သိန်း ၄ သောင်းကျော် နစ်နာဆုံးရှုံးခဲ့ရပြီး လျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် (၃၀၁,၈၉၃,၅၇၅/-)(ကျပ် သုံးရာ့ တစ်သန်း ရှစ်သိန်း ကိုးသောင်း သုံးထောင် ငါးရာ ခုနစ်ဆယ့် ငါးကျပ် တိတိ) အား ပေးဆောင်စေမည် ဖြစ်သည့်အပြင် လျှပ်စစ်ဥပဒေ အရ (၆)လ ဓာတ်အားပေးခြင်းအား ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။ထို့အပြင် လျော်ကြေး၊ ဒဏ်ကြေး ငွေအား (၁၄)ရက် အတွင်း မသွင်းပါက လျှပ်စစ်ဥပဒေ နှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အားခိုးယူအသုံးပြုမှုများကို Control Center များမှ စောင့်ကြည့် စစ်ဆေးဖော်ထုတ်နိုင်ခြင်းနှင့် ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုများ ထူးကဲစွာတိုးမြင့်ရရှိ လာသည့်အတွက် ပိုမိုဖော်ထုတ်လာနိုင်ခြင်းတို့သည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် များစွာအထောက်အပံ့ဖြစ်စေလျက်ရှိရာ ပြည်သူများ အနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန