သတင်းဆောင်းပါး - Smart Team
ယနေ့ခေတ်တွင် လျှပ်စစ်စွမ်းအင်သည် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာရေး၊ ပညာရေးအပါအဝင် နေ့စဉ်လူနေမှုဘဝ၊ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူ ရေးကဏ္ဍများနှင့် ဒစ်ဂျစ်တယ် နည်းပညာအခြေပြု ဝန်ဆောင်မှု လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ် သော အခြေခံအရင်းအမြစ်တစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့နိုင်မှု၊ လူမှုဘဝအရည်အသွေး မြင့်မားလာမှုနှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတို့သည် ယုံကြည်စိတ်ချရပြီး ထိရောက်သော လျှပ်စစ်ဓာတ်အားစနစ် တစ်ခုအပေါ်များစွာ မူတည်လျက်ရှိပါ သည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကဏ္ဍ၏ လုံခြုံစိတ်ချရမှု (Reliability)၊ ထိရောက်မှု (Efficiency)၊ တည်ငြိမ်မှု (Stability) နှင့် ရေရှည်တည်တံ့နိုင်မှု (Sustainability) တို့ကို မြှင့်တင်နိုင်ရေးသည် ယနေ့ ခေတ်စွမ်းအင်ကဏ္ဍ၏ အဓိကဦးတည်ချက်တစ်ရပ် ဖြစ်လာခဲ့ပါသည်။
ကမ္ဘာတစ်ဝှမ်းတွင် လူဦးရေတိုးပွားလာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းများ တိုးချဲ့လာခြင်း၊ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicles - EVs) အသုံးပြုမှု မြင့်တက်လာခြင်းနှင့် AI နည်းပညာဖွံ့ဖြိုးလာမှုနှင့်အတူ ဒေတာစင်တာများ (Data Centers) ကဲ့သို့ လျှပ်စစ်ဓာတ်အား အလွန် လိုအပ်သော လုပ်ငန်းများ ပိုမိုများပြားလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် တိုးတက်လျက်ရှိပါသည်။ တစ်ဖက်တွင်လည်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် သန့်ရှင်းသောစွမ်း အင်သို့ ကူးပြောင်းရေးမူဝါဒများအရ နေရောင်ခြည်စွမ်းအင် (Solar Energy)၊ လေစွမ်းအင် (Wind Energy) နှင့် အခြားပြန်ပြည့်မြဲ စွမ်းအင် (Renewable Energy) များကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာ ကြသည်။ ယင်းအခြေအနေများသည် လျှပ်စစ်ဓာတ်အားကွန်ရက်များအတွက် လိုအပ်ချက်အသစ်များ နှင့် စိန်ခေါ်မှုအသစ်များကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေလျက်ရှိပါသည်။
သမာရိုးကျ လျှပ်စစ်ဓာတ်အားလိုင်းများ (Conventional Grid) ဆိုသည်မှာ ဗဟိုပြုထားသည့် ဓာတ်အားပေးစက်ရုံကြီးများ (ဥပမာ - ရေအားလျှပ်စစ်စက်ရုံများ၊ သဘာဝဓာတ်ငွေ့ ၊ ကျောက်မီးသွေးသုံး စက်ရုံကြီးများ၊ နျူကလီးယားဓာတ်အားပေးစက်ရုံကြီးများ)မှ ထုတ်လုပ်ပြီး မြို့ပြနှင့် ကျေးရွာများရှိ သုံးစွဲ သူများဆီသို့ တာဝါတိုင်များနှင့် ကြိုးလိုင်းများမှတစ်ဆင့် ပို့လွှတ်ဖြန့်ဖြူးပေးသည့် သမားရိုးကျ လျှပ်စစ် ဓာတ်အားကွန်ရက်စနစ် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တစ်ဖက်သတ်စီးဆင်းမှု (One-way Flow) ဟု ခေါ်ဆိုနိုင်သည့် ဓာတ်အားပေးစက်ရုံများမှ သုံးစွဲသူဆီသို့ လျှပ်စစ်မီးကို တစ်ဖက်သတ် ပို့လွှတ်ပေးခြင်း ဖြစ်ပြီး၊ သုံးစွဲသူများဘက်မှ မီးသုံးစွဲမှုအခြေအနေများကို စက်ရုံများကပြန်လည်မသိရှိနိုင်ပါ။ ဓာတ် အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို ပို့လွှတ်သည့်နေရာမှသာ ထိန်းချုပ်စီမံနိုင်ခြင်း ဖြစ်ပါသည်။ ဓာတ် အားလိုင်းများ ပျက်စီးခြင်း သို့မဟုတ် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာသည့်အခါ သုံးစွဲသူ များ၏သတင်းပို့ချက် သို့မဟုတ် ဝန်ထမ်းများသွားရောက် စစ်ဆေးမှသာ သိရှိနိုင်ပြီး ပြုပြင်ရန် အချိန် ကြန့်ကြာတတ်ပါသည်။
စမတ်ဂရစ် (Smart Grid) ဆိုသည်မှာ ခေတ်မီ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာ (Information and Communication Technology – ICT)၊ အလိုအလျောက် ထိန်းချုပ်ရေး နည်းပညာ (Automation)၊ အင်တာနက်ချိတ်ဆက်ထားသော ပစ္စည်းကိရိယာများကွန်ရက် (Internet of Things - IoT) ၊ ဉာဏ်ရည်မြင့် အာရုံခံကိရိယာများ (Intelligent Sensors) နှင့် ဒစ်ဂျစ်တယ် ဆက်သွယ်ရေးကွန်ရက်များကို ပေါင်းစပ်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းလုပ်ငန်းစဉ် တစ်လျှောက်လုံးကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်၊ ထိန်းချုပ်၊ ခွဲခြမ်းစိတ်ဖြာကာ စီမံခန့်ခွဲနိုင်သည့် ခေတ်မီလျှပ်စစ်ဓာတ်အားကွန်ရက်စနစ်တစ်ခုဖြစ်ပါသည်။ Smart Grid တွင် လျှပ်စစ်စွမ်းအင်နှင့်ဆက်စပ်လျက်ရှိသည့် သတင်းအချက်အလက်များကိုလည်း နှစ်လမ်းသွား (Two-way Communication) ဖြင့် အပြန်အလှန် ချိတ်ဆက်ဖလှယ်နိုင်သောကြောင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးသောအဖွဲ့များနှင့် သုံးစွဲသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုကို ပိုမို ထိရောက်စေရုံ သာမက လျှပ်စစ်ဓာတ်အားကို ပိုမိုဘေးကင်းလုံခြုံစွာ၊ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ဖြန့်ဝေပေးနိုင်ပါသည်။
စမတ်ဂရစ် (Smart Grid) ပေါ်ပေါက်လာပုံမှာ သမာရိုးကျ လျှပ်စစ်ဓာတ်အားလိုင်းများ (Conven -tional Grid) ကို ၁၉ ရာစု - ၂၀ ရာစု ကတည်းက စတင်ခဲ့ပြီး ၂၀ ရာစု အနှောင်းပိုင်းသို့ ရောက်လာ သောအခါ လူဦးရေတိုးပွားလာခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းတို့ကြောင့် သမာရိုးကျ ဓာတ်အားလိုင်းများသည် ဝန်အားမနိုင်တော့ဘဲ ဓာတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်လာပြီး စွမ်းအင်ဆုံးရှုံးမှုများလည်း ကြီးမားလာခဲ့ပါသည်။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ကွန်ပြူတာ နည်းပညာနှင့် အီလက်ထရောနစ်နည်းပညာများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ဓာတ်အားပေးစက်ရုံများတွင် SCADA (Supervisory Control and Data Acquisition) ဟုခေါ်သော အဝေးမှကြည့်ရှုကွပ်ကဲနိုင်သည့် အလိုအလျောက် ထိန်းချုပ်မှုစနစ်များကို စတင်အသုံးပြုလာကြသည်။ ဤအချက်သည် လျှပ်စစ် ကွန်ရက်ကို ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကူးပြောင်းစေသည့် ပထမဆုံးသောခြေလှမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်ဝန်းကျင်တွင် အမေရိကန်နိုင်ငံ၌ လျှပ်စစ်ကွန်ရက်များ၏ အားနည်းချက်ကြောင့် ကြီးမားသော ဓာတ်အားပြတ်တောက်မှုကြီးများ (Blackouts) ဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်စွမ်းအင်လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။ ဤပြဿနာများကို ဖြေရှင်းရန်အတွက် သတင်းအချက် အလက်နည်းပညာ (IT) နှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို အလုံးစုံပေါင်းစပ်ပေးမည့် "Smart Grid" (ဉာဏ်ရည်မြင့်လျှပ်စစ်ဓာတ်အားကွန်ရက်) ဟူသော ဝေါဟာရနှင့် အယူအဆကို အမေရိကန်နှင့် ဥရောပ နိုင်ငံများတွင် တရားဝင် စတင်ဖော်ထုတ်ခဲ့ကြပြီး ယခုအချိန်တွင် ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံအများအပြားတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
Smart Grid ၏ အကျိုးကျေးဇူး - လျှပ်စစ်စွမ်းအင်များ အလဟဿ ဆုံးရှုံးမှုမရှိစေရန် စမတ် ဂရစ်စနစ်သည် အချိန်နှင့်တပြေးညီ ထိန်းချုပ်ပေးနိုင်ပါသည်။ ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို လိုအပ်ချက်နှင့်အညီ တိကျစွာချိန်ညှိပေးနိုင်သောကြောင့် စွမ်းအင်ကိုထိရောက်စွာ အသုံးချနိုင်မှု (Energy Efficiency) ကို အမြင့်မားဆုံးရရှိစေနိုင်ပါသည်။ ဓာတ်အားလိုင်းများတွင် ချို့ယွင်းချက် သို့မဟုတ် ဓာတ်အားပြတ်တောက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Sensor များနှင့် Monitoring System များကို အသုံးပြုထားသဖြင့် Control Center မှ ချက်ချင်းသိရှိနိုင်ပြီး ပြုပြင်ထိန်းသိမ်းရေး အဖွဲ့များကို အချိန်မီစေလွှတ်နိုင်သည်။ လူအင်အား သို့မဟုတ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာ မလိုဘဲ ပျက်စီးနေသည့် လမ်းကြောင်းကို အလိုအလျောက် ဖြတ်တောက်ကာ အခြားလမ်းကြောင်း မှတစ်ဆင့် ဓာတ်အားဆက်လက် ပို့လွှတ်ပေးနိုင်ခြင်းကြောင့် ဓာတ်အားပြတ်တောက်ချိန်ကို လျှော့ချ နိုင်ပြီး ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်နိုင်သည်။ နေရောင်ခြည်စွမ်းအင် (Solar) နှင့် လေအား လျှပ်စစ် (Wind) ကဲ့သို့သော ရာသီဥတုအပေါ် မူတည်ပြီး ပြောင်းလဲမှုရှိသည့် သဘာဝစွမ်းအင်များကို သမာရိုးကျ ဓာတ်အားကွန်ရက်စနစ်ထဲသို့ တိုက်ရိုက်ထည့်သွင်းရန် ခက်ခဲသော်လည်း စမတ်ဂရစ် စနစ်က ၎င်းတို့ကို တည်ငြိမ်စွာရောစပ်ပေးနိုင်ပါသည်။ ယင်းက နိုင်ငံတော်၏ စွမ်းအင်အရင်းအမြစ် များကို ပိုမိုကွဲပြားစုံလင်လာစေပြီး ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကို တည်ဆောက်ပေးနိုင် ပါသည်။ ထို့ပြင် သုံးစွဲသူများသည် မိမိတို့၏ ဓာတ်အားသုံးစွဲမှုကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး မလို အပ်သော သုံးစွဲမှုများကို လျှော့ချနိုင်သည်။ ယင်းကြောင့် လစဉ် လျှပ်စစ်မီတာခ ကုန်ကျစရိတ်များကို သက်သာစေပါသည်။ Smart Grid ဖော်ဆောင်ရန်အတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခုမှာ Smart Meter များဖြစ်သည်။ Smart Meter များသည် သုံးစွဲသူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အချိန်နှင့်တပြေးညီ တိုင်းတာပေးနိုင်ပြီး ဓာတ်အားအသုံးပြုမှုအခြေအနေများကို အလွယ်တကူ သိရှိနိုင်စေ သည်။ ထို့အပြင် ဓာတ်အားပေးရေးကုမ္ပဏီများအနေဖြင့်လည်း ဓာတ်အားလိုအပ်ချက်များကို ပိုမို တိကျစွာ ခန့်မှန်းနိုင်ပြီး ဓာတ်အားထုတ်လုပ်မှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည်။
Advanced Metering Infrastructure (AMI) စနစ်သည် Smart Grid ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ၎င်း၏ အဓိကအင်္ဂါရပ်မှာ Automated Meter Reading စနစ် ဖြစ်သည်။ ယခင်က လစဉ်မီတာဖတ်ခြင်းဖြင့်သာ သိရှိနိုင်ခဲ့သည့် လျှပ်စစ်အသုံးပြုမှုကို ယခုအခါ အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်လာသည်။ Smart Meter များမှ ရရှိသော အချက်အလက်များကို အသုံးပြု၍ ဝန်ဆောင်မှု ဆောင်ရွက်ပေးသော ကုမ္ပဏီများသည် အချိန်နှင့်တပြေးညီ ကောက်ခံထားသောဒေတာ (Real-time Data) နှင့် ယခင်ရှိနေသော အချက်အလက်များ (Historical Data)ကို နှိုင်းယှဉ်ခွဲခြမ်း နိုင်ပြီး ဝန်အားသုံးစွဲမှုပုံစံများ (Load Pattern) ကို ပိုမိုနားလည်နိုင်သည်။ ထို့ပြင် အချိန်မရွေးနှုန်း ထားတူ (Flat Rate) ကောက်ခံခြင်းမဟုတ်ဘဲ၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက် (Demand) အများဆုံး အချိန်နှင့် နည်းပါးချိန်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ပြုလုပ်ကောက်ခံခြင်း (Dynamic Pricing) စနစ်များကို အသုံးပြု၍ ဓာတ်အားအမြင့်ဆုံးသုံးစွဲမှု (Peak Load) ကို လျှော့ချနိုင်ပြီး "အချိန်ပေါ်မူတည် ၍ ဓာတ်အားခနှုန်းထားကို အတက်အကျ ပြောင်းလဲကောက်ခံသောစနစ် (Time-of-Use Rate)" များ ဖြင့် စွမ်းအင်သုံးစွဲမှုအလေ့အထများကို လွှမ်းမိုးပြောင်းလဲနိုင်ပါသည်။
အနာဂတ်မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍသစ်ဆီသို့ - လက်ရှိမြန်မာနိုင်ငံတွင် သမာရိုးကျ ဓာတ်အား ကွန်ရက် (Conventional Grid) စနစ်များ၏ အားနည်းချက်ကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်မှု နှင့်ဖြန့်ဖြူးရာလမ်းတလျှောက် လျှပ်စစ်စွမ်းအင်များ အလဟဿ ဆုံးရှုံးနစ်နာမှု (Transmission and Distribution Losses) သည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။ ထို့ပြင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် တိုးတက်လာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် Renewable Energy စီမံကိန်းများ တိုးချဲ့လာခြင်းတို့ကြောင့် Smart Grid နည်းပညာသည် နိုင်ငံတော်၏ အနာဂတ် ဓာတ်အားစနစ်အတွက် အကောင်းဆုံးသော အားကိုးရာစနစ်တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် Smart Meter များ စတင်တပ်ဆင်ခြင်း၊ AMI System များတိုးချဲ့တည်ဆောက်ခြင်း၊ SCADA နှင့် Distribution Automation စနစ်များ အဆင့်မြှင့် တင်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတစ်ဝန်းလုံးအတွက် အပြည့်အဝ Digital Grid အဖြစ်ပြောင်းလဲနိုင်ရန် Communication Network များ၊ Data Concentrator Unit (DCU) များ၊ Meter Data Management System (MDMS) များနှင့် Control Center များကို အဆင့်ဆင့်တိုးချဲ့ တည်ဆောက်သွားရန် စီမံနေပြီဖြစ်ပါသည်။
DCU များ တိုးချဲ့ဆောင်ရွက်မှုများကြောင့် Smart မီတာနှင့် DCU တို့ချိတ်ဆက်လာနိုင်ပြီး AMI စနစ်သို့ဝင်ရောက်ကာ Smart မီတာများနှင့် ဓာတ်အားသုံးစွဲသူများ၏ အချက်အလက်များရရှိပြီး ဓာတ်အားကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ DCU ကွန်ရက်နှင့် အလှမ်းကွာဝေးသည့် Analog မီတာများကို စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်များ ဖော်ဆောင်ခြင်း၊ မတူညီသော စနစ်များကို တစ်ခုနှင့်တစ်ခု ချို့ယွင်းချက်မရှိဘဲ အချက်အလက်များ ဖလှယ်နိုင်ရန်နှင့် အတူတကွ တွဲဖက်လုပ်ဆောင်နိုင်ရန် အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ရေးကို စီစဉ်လျက်ရှိခြင်း၊ မြို့ပြဒေသ များသာမက ကျေးလက်ဒေသများအထိ ဒစ်ဂျစ်တယ်လျှပ်စစ်ဝန်ဆောင်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားစနစ်ကို ခေတ်မီဒစ်ဂျစ်တယ်စနစ်သို့ အဆင့်လိုက်ကူးပြောင်းရန် အလေးထားစီမံဆောင်ရွက်လျက် ရှိပါသည်။
လက်ရှိတွင် နေ့လည်ပိုင်း ရုံးလုပ်ငန်းများ ဆောင်ရွက်သည့်အချိန်များနှင့် ညနေပိုင်း သို့မဟုတ် လူတိုင်း အိမ်ပြန်ရောက်ပြီး လျှပ်စစ်ပစ္စည်းများ (ထမင်း ပေါင်းအိုး၊ မီးဖို၊ အဝတ်လျှော်စက်စသည်တို့) ကို တစ်ပြိုင်နက်တည်း အများဆုံး အသုံးပြုကြသည့် အချိန်များတွင် ဓာတ်အားပေးစနစ်၌ ဝန်ပိမှု များပြားလာခြင်း (Peak Hours - ဓာတ်အားသုံးစွဲမှု အထွတ်အထိပ် အချိန်)၊ ညဉ့်နက်ပိုင်း သို့မဟုတ် နံနက်စောစောပိုင်းကဲ့သို့ လူအများ ဓာတ်အားသုံးစွဲမှုအလွန်နည်းပါးပြီး ဓာတ်အားပိုလျှံနေသည့် အချိန်များ (Off-Peak Hours - ဓာတ်အားသုံးစွဲမှုနည်းပါးသည့်အချိန်)တွင် လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှုများ ဖြစ်ပေါ်လာပြီး ဓာတ်အားဖြတ်တောက်ရမှုများ၊ အသုံးပြုသည့်လျှပ်စစ်ပစ္စည်း ဆုံးရှုံး ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိရာ ယင်းအခက်အခဲများကို လျော့ကျသွားစေရန်အတွက် Digital နည်းပညာ အသုံးပြုသည့် ပထမခြေလှမ်းကို မြန်မာ့လျှပ်စစ်ဓာတ်အားစနစ်အနေဖြင့် စတင်လျှောက်လှမ်းနိုင်ခဲ့ ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံများသည် ဝန်အားနည်းပါးသည့်အချိန်တွင် ရေကို စုဆောင်းထားရှိပြီး ဝန်အားများပြားသည့်အချိန်တွင် ဝင်ရောက်မောင်းနှင်ပေးရပါသည်။ မိုးရာသီတွင် ရေလှောင်တမံအသုံးပြုသည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် အမြင့်ဆုံးဝန်အား (ဝန်အား ပြည့်) ဖြင့် အချိန်ပြည့် မောင်းနှင်ပေးနေသည့်တိုင်အောင် ရေပိုလွှဲမှ ရေများပိုလျှံမှုကြောင့် စွမ်းအင်များ အလဟဿဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ပြီး AMI စနစ်ကိုအသုံးပြု၍ နေ့လယ်ပိုင်းဝန်အား သုံးစွဲမှုများပြားသည့် စက်မှုလုပ်ငန်းကြီးများကို ဓာတ်အားခလျှော့ချပေးပြီး ညပိုင်းအချိန်များသို့ ပြောင်းရွှေ့ ဓာတ်အားသုံးစွဲနိုင်မည့် အစီအမံကို (၁၉-၈-၂၀၂၆) နေ့မှစတင်ဆောင်ရွက်ခဲ့ရာ အောက်ပါအကျိုး ကျေးဇူးများရရှိခဲ့ပါသည်-
(၁) နေ့စဉ်တမံများတွင် ရေလျှံမှုကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ဆုံးရှုံးမှုများကို လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့်အတွက် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက် ရရှိလာခြင်း၊
(၂) အချို့သော စက်မှုလုပ်ငန်းကြီးများသည် ညအချိန်သို့ ပြောင်းရွှေ့ လုပ်ငန်းဆောင်ရွက် ကြသဖြင့် နေ့လယ်ပိုင်း ဓာတ်အားသုံးစွဲလိုသည့် ပြည်သူများသို့ ပိုမို၍ ဖြန့်ဖြူးပေး နိုင်ခြင်း၊
(၃) နေ့နှင့်ည ဝန်အားမျှတမှု ဖြစ်ပေါ်လာသဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တည်ငြိမ်မှုရှိလာခြင်း၊
(၄) လုပ်ငန်းရှင်များအနေဖြင့် ချိုသာသော ဓာတ်အားခဖြင့် လုပ်ငန်းဆောင်ရွက်ရသဖြင့် ကုန်ထုတ်လုပ်မှုစရိတ် သက်သာပြီး ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းစေရန် အထောက် အကူပြုနိုင်ခြင်း။
ထို့ပြင် လူအများ ဓာတ်အားသုံးစွဲမှုအလွန်နည်းပါးပြီး ဓာတ်အားပေးစနစ်အတွင်း လျှပ်စစ် ဓာတ်အား ပိုလျှံနေချိန်တွင် စွမ်းအင်များပြားစွာ သိုလှောင်နိုင်စွမ်းရှိသည့် Battery ကြီးများကို လျှပ်စစ်မီး သုံး၍ အပြည့်အဝအားသွင်းခြင်း (Charge လုပ်ခြင်း) ပြုလုပ်ထား၍ လျှပ်စစ်မီးသုံးစွဲမှု အထွတ်အထိပ် ရောက်ပြီး ဓာတ်အားလိုအပ်ချိန် (သို့မဟုတ်) မီးဖြတ်ရတော့မည့်အချိန်များတွင် Battery များတွင် သိုလှောင်ထားသော လျှပ်စစ်စွမ်းအင်ကို အိမ်သုံး၊ ရုံးသုံး သို့မဟုတ် စက်ရုံသုံးစနစ်များဆီသို့ ပြန်လည် ထုတ်လွှတ်ပေးခြင်း (Discharge ပြုလုပ်ခြင်း)ဖြင့်လည်း ဓာတ်အားစနစ်အတွင်း ဓာတ်အားအလွန်အမင်း တောင်းဆိုမှုများပြားသည့် (Load Spike) အချိန်များအတွက် ဓာတ်အားပေးစနစ်တစ်ခုလုံး အလွန်အကျွံ ဝန်ပိခြင်းနှင့် ဓာတ်အားပြတ်တောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ရန်လည်း စီမံဆောင်ရွက်လျက် ရှိပါသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာလမ်းတစ်လျှောက် ဖြစ်ပေါ်တတ်သော နည်းပညာပိုင်း ဆိုင်ရာ ဆုံးရှုံးမှုများ (Technical Losses) နှင့် ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်းကဲ့သို့သော (Nontechnical Losses) လျှပ်စစ် ဆုံးရှုံးမှုများကို စမတ်ဂရစ်၏ SCADA ဟုခေါ်သော အဝေးမှ ကြည့်ရှုကွပ်ကဲနိုင်သည့် စနစ်နှင့် အလိုအလျောက် ထိန်းချုပ်ကွပ်ကဲမှုစနစ် (Grid Automation) တို့ဖြင့် ချက်ချင်းဖော်ထုတ် တားဆီးနိုင်မည်ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများနှင့် ဓာတ်အားပျောက်ဆုံးမှုများကို လုပ်ငန်းစဉ်တစ်လျှောက် စောင့်ကြပ်ကြည့်ရှု့လာနိုင်၍ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေတိုးတက်ရရှိလာသဖြင့် တိုးချဲ့တည်ဆောက်ရမည့် စီမံကိန်းလုပ်ငန်းသစ်များ ပိုမိုအားကောင်းလာစေပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ရာ၌လည်း အထောက်အကူဖြစ်လာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်လိုက်သည့်စွမ်းအင်များကို အလဟဿမဖြစ်စေဘဲ သုံးစွဲသူ ပြည်သူများထံသို့ အပြည့်အဝ ပို့လွှတ်ပေးနိုင်မည်ဖြစ်ကာ နိုင်ငံတော်အတွက် ကြီးမားသောစွမ်းအင်နှင့် စီးပွားရေး တန်ဖိုးများကို ပြန်လည်ဆွတ်ခူးပေးနိုင်မည်ဖြစ်ပြီး သားရွှေအိုးထမ်းလာသည်ကိုတွေ့မြင်ရခြင်းပင်ဖြစ်ပေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ရာတွင် လိုက်ပါသွားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအနေဖြင့်လည်း ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ပို့လွှတ်မှု စနစ်တကျထိန်းချုပ်ကွပ်ကဲနိုင်သည့် Smart Power Generation နှင့် Smart Grid ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာများ အကူအညီပေးရေး၊ ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းနယ်ပယ်တွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လေ့ကျင့်ပေးရန်အတွက် ဆွေးနွေးနိုင်ခဲ့သဖြင့် နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသည့် အထောက်အပံ့ ဖြစ်လာမည်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် လျှပ်စစ်မီးဟူသည် ခေတ်မီလူ့အဖွဲ့အစည်းတစ်ခု၏ အသက် သွေးကြောသာမက ရွှေပြည်မြေ၏ တိုးတက်မှုကိုတိုင်းတာသည့် အဓိကမဏ္ဍိုင်တစ်ခုလည်း ဖြစ်ပေ သည်။ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်သော သမာရိုးကျဓာတ်အားလိုင်းများ၏ ကန့်သတ်ချက်များနှင့် ဆုံးရှုံးမှုများကိုကျော်လွန်၍ ဉာဏ်ရည်မြင့် စမတ်ဂရစ် (Smart Grid) စနစ်ဆီသို့ ကူးပြောင်းခြင်းသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် မလွှဲမသွေ ထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ ယင်းတာဝန်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူ၍ ဝန်ထမ်းများအားလုံး ညီညွတ်တက်ကြွစွာ ထမ်းဆောင်နေပြီဖြစ်ပါသည်။ မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍသစ် ဖွင့်လှစ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ခြေလှမ်းတိုင်းသည် ပြည်သူ့အတွက်ဖြစ်စေရမည်ဟု စိတ်ထားမွန် ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ရာ စမတ်ဂရစ်ရင်ခုန်သံနှင့်အတူ မကြာမီလင်းလက်လာတော့မည့် မြန်မာ့ စွမ်းအင်အနာဂတ်ကို ကြိုတင်ခံစားပီတိပွားမိပါသည်။