The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁

   အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ဓာတ်အားပေးစက်ရုံအချို့နှင့် ဓာတ်အားလိုင်း အချို့ပုံမှန်လည်ပတ်ပို့လွှတ်နိုင်မှုမရှိသည့် အခြေအနေတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ ဓာတ်အားအပြည့်အဝ ရရှိစေရေးအတွက် စွန့်လွှတ်စွန့်စား စိတ်များဖြင့် ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ ဆက်စပ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ပြောင်းလဲချိတ်ဆက်ခြင်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

   ထိုကဲ့သို့ အခြေအနေတွင် ဓာတ်အားပေးစက်ရုံအများစုတည်ရှိရာ မြန်မာနိုင်ငံအထက်ပိုင်းမှ ဝန်အားသုံးစွဲမှုများပြားသည့် မြန်မာနိုင်ငံအောက်ပိုင်းသို့ ဝန်အားအပြည့်ဖြင့် ဓာတ်အားပို့လွှတ် ခြင်းဆောင်ရွက်နေချိန် ၁၁-၉-၂၀၂၆ ရက်နေ့ နံနက်(၀၆:၂၈)နာရီတွင် ၂၃၀ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းသည် အပြစ်ဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားလိုင်းကြီးအချို့ ဖျက်ဆီးခံ ထားရခြင်းကြောင့် ကျန်ရှိနေသည့် ဓာတ်အားလိုင်းများပေါ်တွင်သာ ဝန်ပိုစီးဆင်းမှု ထပ်ဆင့်ဖြစ် ပေါ်ရကာ ဆင့်ကဲဓာတ်အားပြတ်တောက်မှုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝှမ်း ဓာတ်အားပြတ်တောက်မှု System Breakdown ဖြစ်ပေါ်ခဲ့ရပါသည်။

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အဆိုပါဓာတ်အားလိုင်းအပြစ်ကို ချက်ချင်းပြုပြင် ဆောင်ရွက်နိုင်ခဲ့ပြီး ၁၁-၉-၂၀၂၆ ရက်နေ့ (၀၈:၅၉) နာရီအချိန်တွင် ဓာတ်အား စနစ် ပုံမှန်ပြန်လည်ပို့လွှတ်နိုင်ခဲ့သော်လည်း (၁၃:၂၇) နာရီတွင် ၂၃၀ ကေဗွီ နေပြည်တော် - တောင်တွင်းကြီး ဓာတ်အားလိုင်းတွင် အပြစ်ထပ်မံဖြစ်ပေါ်ခဲ့သဖြင့် System Breakdown ထပ်မံ ဖြစ်ပွားခဲ့ရပါသည်။ ပြင်ဆင်မှုများ ပြန်လည်ဆောင်ရွက်ပြီး ဓာတ်အားပြန်လည်ချိတ်ဆက်ခဲ့ရာ (၁၅:၅၉) နာရီတွင် ဓာတ်အားစနစ်ပုံမှန်မောင်းနှင်ခဲ့ပါကြောင်းနှင့် ကြိုးပမ်းဆောင်ရွက်နေမှုများ ကြားမှ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်ကြောင့် ပြည်သူများအနေဖြင့် ကြုံတွေ့ခဲ့ရသည့် အဆင်မပြေမှုများအပေါ် သည်းခံနားလည်ပေးကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စာနာစိတ်များ ဖြင့် ပန်ကြားလာပါကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
11-Sep-2026