The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

System Breakdown ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မိဘပြည်သူများသို့ အသိပေး မေတ္တာရပ်ခံခြင်း

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးစနစ် ပိုမိုကြံ့ခိုင်လာစေရေး အားဖြည့်တည်ဆောက်နေစဉ်အတွင်းမှာပင် ပြည်သူများ လျှပ်စစ် ဓာတ်အား ပိုမိုအသုံးပြုနိုင်စေရန်အတွက် တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိပါသည်။
  • ယနေ့အချိန်တွင် အချို့သောမဟာဓာတ်အားလိုင်းကြီးများ ဖျက်ဆီးခံထားရချိန်ဖြစ်သဖြင့် ကျန်ရှိနေသော ဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများကို ဆတိုး၍ သယ်ဆောင်ထားနေ ရသည့်အခြေအနေ ဖြစ်ပါသည်။
  • ယင်းသို့ ဝန်ပိုများကို ကြာရှည်စွာ သယ်ဆောင်ထားရသည်နှင့်အမျှ ဝန်သယ်ကြိုးများတွင် ဒါဏ်ဖြစ်ပေါ်လာပြီး ဝန်သယ်နိုင်အား လျော့ကျလာလျက် ရှိပါသည်။
  • ပို၍ဆိုးသည်မှာ ဓာတ်အားလိုင်းကြီးများ အပါအဝင် ဓာတ်အားစနစ်တစ်လျှောက် မိုးကြိုး လျှပ်စစ်အန္တရာယ်မှ အကာအကွယ်ရရှိနိုင်ရန်အတွက် တာဝါတိုင်များတွင် တပ်ဆင်ထား သည့် မြေစိုက်ကြိုး(Earth Wire)များကို ဖြတ်၍ခိုးယူခြင်း၊ တာဝါတိုင်အခြေမှ သံဘောင် များ၊ ဘို့နပ်များကိုဖြုတ်၍ ခိုးယူခြင်းများကြောင့် ဓာတ်အားစနစ်သည် မိုးကြိုးလျှပ်စီးဒါဏ် မှ အကာအကွယ်မဲ့သွားပြီး ဝန်သယ်ကြိုးများတွင် ဒါဏ်များ ပိုမိုဖြစ်ပေါ်လာ၍ ပြတ်ကျခြင်း၊ တာဝါတိုင်များသည် ကြံ့ခိုင်မှုအားနည်းသွားပြီး အလိုအလျောက် (သို့မဟုတ်) သာမန် လေပြင်းတိုက်ရုံမျှဖြင့် ပြိုလဲခြင်းတို့ဖြစ်ပေါ်လျက်ရှိပါသည်။
  • ထို့အပြင် ဘို့နပ်များကို ဖြုတ်ယူနိုင်ခြင်း မရှိစေရန်အတွက် အချို့နေရာများတွင် လျှပ်စစ် ဂဟေဖြင့် ဆက်၍ ဆောင်ရွက်နေရခြင်းကြောင့် အချိန်ကြာလာသည်နှင့် အမျှ ယင်းနေရာ တွင် သံချေးစား၍ တာဝါတိုင်ကျိုးပြတ်ခြင်းများဖြစ်ပေါ်လာမည် ဖြစ်ပါသည်။
  • ယင်းဖြစ်စဉ်များသည် နိုင်ငံတော်ဓာတ်အားစနစ်၏ အနှောက်အယှက်၊ အဖျက်အဆီးများ ဖြစ်ပြီး ဓာတ်အားစနစ်တစ်လျှောက် မကြာခဏအပြစ်ဖြစ်ပေါ်၍ နေရာဒေသအလျောက် ဓာတ်အားပြတ်တောက်ခြင်း၊ အချို့အချိန်များတွင် တစ်နိုင်ငံလုံးဓာတ်အားပြတ်တောက်၍ System Breakdown ဖြစ်ခြင်းတို့၏ အဓိကအကြောင်းတရားများဖြစ်သည်ကို တွေ့ရှိရပါ သည်။
  • System Breakdown ဖြစ်ပေါ်သည်နှင့် ဝန်ထမ်းများသည် အချိန်ကာလ၊ နေရာဒေသ မရွေး ချက်ချင်းအပြစ်ရှာဖွေ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အမြန်ဆုံးလျှပ်စစ် ဓာတ်အား ပြန်လည်ရရှိသည့်နေရာမှာ မိနစ် ၃၀ ကြာမြင့်ပြီး အချို့နေရာဒေသများတွင်    ၅ နာရီခန့် ကြာမြင့်သည်ဖြစ်ရာ နိုင်ငံတော်တွင် ကြီးမားသောနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် စေလျက်ရှိပါသည်။
  • သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်ကို ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြပါရန်နှင့် နှောင့်ယှက်ဖျက်ဆီးသူများကို ဖော်ထုတ်သတင်းပေး ကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

 

Post under by : ဝန်ကြီးရုံး
20-Sep-2026