The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မင်းတုန်းမြို့နယ်တွင်(၂)မိုင်ပတ်ဝန်းကျင်အတွင်း မီးရယူနိုင်ရန် အဆင်သင့်ဖြစ်နေသော ကျေးရွာများအား လျှပ်စစ်မီးပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒေါ်ခင်သန်းနု (မင်းတုန်းမဲဆန္ဒနယ်) မှ မေးမြန်းချက်

 

မင်းတုန်းမြို့နယ် အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ 66 KV, 11 KV 5 MVA ဓာတ်ခွဲရုံ (၁) ရုံကို ချထားပေးခဲ့ပါကြောင်း၊ ၄-၁၁-၂၀၁၅ ရက်နေ့တွင် မင်းတုန်းမြို့ ပေါ်ရှိ ရပ်ကွက် (၄) ခုကို ၂၄ နာရီစတင်၍ မီးလင်းနိုင်ခဲ့ပြီး ကျေးရွာ (၅) ရွာပါ တံတားအုပ်စုမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးရယူနိုင်ခဲ့ပါကြောင်း၊ ၎င်းနောက်ပိုင်း ဘဏ္ဍာရေးနှစ်များ တွင် လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်ပြီး ဘဏ္ဍာငွေရရှိခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင်  NEP စီမံချက်နှင့် (၂) မိုင်အတွင်းကျေးရွာများ လျှပ်စစ်မီးရရှိတော့မည်ဟု ကြားသိခဲ့ရသော်လည်း ယနေ့အချိန်အထိ ၎င်းကျေးရွာများတွင် လျှပ်စစ်မီးမရရှိသေးပါကြောင်း၊ စောင့်နေရသည့် အချိန်များသာကုန်သွားသော်လည်း စီမံချက်၏တိကျသည့်အဖြေ မသိရလို့ ဖြစ်ပါကြောင်း၊  ထို့ကြောင့် တိကျသည့်အဖြေကို သိလိုပါကြောင်း၊ မင်းတုန်းမြို့၏ (၂) မိုင် အတွင်းရှိသည့် ကျေးရွာများတွင် ဌာန၏စံချိန်စံညွှန်းအတိုင်းဖြစ်သည့် ၄၀၀ ဗို့ ဓာတ်အားလိုင်း များနှင့် ABC Cable ကြိုးများ တပ်ဆင်ပြီးဖြစ်သဖြင့် လျှပ်စစ်မီးယူရန် Ready ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်မီးရယူနိုင်ရန် အဆင်သင့်ဖြစ်နေသည့် မင်းတုန်းမြို့နယ်၏ (၂) မိုင်အတွင်းရှိကျေးရွာများအား လျှပ်စစ်မီးရရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးနိုင် ပါရန် အစီအစဉ်ရှိ/မရှိကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် မှ ဖြေကြားချက်

မင်းတုန်းမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)၏ ပထမအဆင့်နှင့် အကျုံးဝင်သော ကျေးရွာပေါင်း(၂၁) ရွာစာရင်းကောက်ယူရရှိခဲ့ပါကြောင်း၊ ၎င်းကျေးရွာ (၂၁) ရွာအနက် တံတား ကျေးရွာအုပ်စုနှင့် အင်လယ်ကုန်းကျေးရွာ အုပ်စုမှာပါဝင်သည့် ကျေးရွာ (၅) ရွာကို ၂၀၁၅-၁၆ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေနှင့် ဆောင်ရွက်ပေးခဲ့သည့် အတွက် လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီး ဖြစ်ပါကြောင်း NEP စီမံကိန်း၏ ပထမအဆင့်မှာပါဝင်ပြီး မီးလင်းရန်ကျန်ရှိနေသည့် ကျေးရွာ (၁၆) ရွာအတွက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပစ္စည်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကမ္ဘာ့ဘဏ်၏ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံတကာတင်ဒါ ခေါ်ယူ ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာတင်ဒါကိုခေါ်ယူသည့်အတွက် လိုအပ်သည့် ထရန်စဖော်မာ တင်ဒါ၊ ကွန်ကရစ်ကျောက်တိုင်တင်ဒါ၊ Steel Pole တင်ဒါ၊ ACSR ကြိုးတင်ဒါ၊ ကြွေသီး နှင့် ဆက်စပ်ပစ္စည်းများ၊ သံလက်တန်းအမျိုးစုံကို သတ်မှတ်ချက်အတိုင်း တင်ဒါအုပ်စုခွဲပြီး ခေါ်ယူ ခဲ့ရပါကြောင်း၊ တင်ဒါများခေါ်ယူသည့်အခါ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းနိုင်ငံသား လုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းများကို အတတ်နိုင်ဆုံး၊ အများဆုံးရောင်းချနိုင်ပါက ပြည်သူများအတွက် တစ်ဖက်တွင် လျှပ်စစ်ဓာတ်အား ရရှိသလို မိမိနိုင်ငံအတွင်းမှာရှိသည့် နိုင်ငံသားများ၏ ထုတ်ကုန်ပစ္စည်းများလည်း တိုးတက်ရောင်းချနိုင်စွမ်းရှိအောင် စီစဉ် ဆောင်ရွက်ပေးရသည့်အတွက်ကြောင့် ညှိနှိုင်းမှုများကို ကမ္ဘာ့ဘဏ်နှင့် အကြိမ်ကြိမ် ဆောင်ရွက်ရသည့်အခါ ပစ္စည်းဝယ်ယူရေးကိစ္စ၊ တင်ဒါခေါ်ယူရေးကိစ္စများ၏ စည်းကမ်းချက် များ၊ ၎င်းတို့၏ စည်းကမ်းချက်၊ သတ်မှတ်ချက်များကို ဖြေလျှော့ပေးရန် အချိန်အများကြီး ယူခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တင်ဒါခေါ်ယူရေးကိစ္စ နောက်ကျသည့်ကိစ္စများလည်း ဖြစ်ခဲ့ပါကြောင်း၊ သို့မဟုတ်ပါက ၎င်းတို့၏ သတ်မှတ်ချက်များအရ ပြည်ပနိုင်ငံများမှ ယှဉ်ပြိုင် သည့် ပစ္စည်းများကို ဦးစားပေးပြီး ရောင်းချခွင့်ရရှိသွားမည့် အနေအထားဖြစ်ပါကြောင်း၊ NEP ၏ ပထမအဆင့်လုပ်ငန်း ကို ပျက်ပြယ်ခြင်းမရှိဘဲ မြန်ဆန်သည်ထက်မြန်ဆန်အောင် လစဉ် တစ်လတိုင်းမှာလည်း အပတ်စဉ် World Bankနှင့် မိမိတို့ဝန်ကြီး ဌာနမှာရှိသည့် တာဝန်ရှိပုဂ္ဂိုလ်များ အကြိမ်ကြိမ်ဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု တင်ဒါခေါ်ထားပြီး အောင်မြင်ထားသည့်ပစ္စည်းများ ရောက်ရှိလာသည့်အခါတွင် NEP ၏ ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံးစတင်ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း နှင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေအရ ၂၀၁၈ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနိုင်မည် ဟု ခန့်မှန်းထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်

လျှပ်စစ်နှင့်စွမ်းအင်

 

Source: httpss://www.pyithu.hluttaw.mm/question-2441

21-May-2018