The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အလင်းရောင်စီမံချက်

နိဒါန်း

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး(၂)ခုမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးလျက်ရှိရာ စုစုပေါင်း အိမ်ထောင်စု အရေအတွက် ၇.၉၇၂ သန်းခန့်ရှိသည့်အနက် လက်ရှိအချိန်ထိ ဓာတ်အားစနစ်ဖြင့် မီးလင်းပြီး အိမ်ထောင်စု အရေအတွက် ၂.၃၂ သန်းခန့်ရှိပြီဖြစ်၍ မီးလင်းရန်ကျန်အိမ်ထောင်စု ၅.၆၅၂ သန်းခန့် ရှိပါသည်။ ၎င်း အိမ်ထောင်စု များအား အမြန်ဆုံးမီးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ System ဓာတ်အားရောက်ရှိပြီး ဖြစ်သော်လည်း မီးမသုံးစွဲရသေးသည့် နေရာများနှင့် ဒေသအစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက် ထားပြီးမီးမရရှိသေးသောနေရာများအတွက် မီတာတပ်ဆင်ရေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်လာပါသည်။

 

ရည်ရွယ်ချက်

၂။      ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့/ကျေးရွာအုပ်စုများတွင် ဓာတ်အားရောက်ရှိပြီးဖြစ်၍ 400V လိုင်းနှင့် 11/0.4 kV ထရန်စဖော်မာများ အဆင်သင့်တပ်ဆင်ထားပြီး ဖြစ်သော်လည်း မီတာ မတပ်ဆင်ရသေးသဖြင့် မီးဆက်သွယ်သုံးစွဲခြင်းမပြုရသေးသော ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင် စုများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အသစ်ဝယ်ယူထားသော အိမ်သုံးမီတာများကို “အလင်းရောင်စီမံချက်” One Stop Service(OSS) စနစ်ဖြင့် နေ့ချင်းပြီး တပ်ဆင်ပေးခြင်း အားဖြင့် အိမ်ထောင်စုများ မီးအမြန်ဆုံးရရှိ သုံးစွဲနိုင်စေရန်ဖြစ်ပါသည်။

 

စီမံချက်

၃။      (က) အကြမ်းဖျဉ်းစီမံချက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ပြည်ထောင်စု ဘတ်ဂျက်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့် လည်းကောင်း၊ ကိုယ်ထူကိုယ်ထမီးလင်းရေး ရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက် ထားပြီးဖြစ်သော 11kV လိုင်း၊ 0.4 kV လိုင်းနှင့်  11/0.4 kV ထရန်စဖော်မာများ တပ်ဆင်ပြီးဖြစ်၍ လျှပ်စစ်ဓာတ်အား ရောက်ရှိနေသော်လည်း မီတာတပ်ဆင်ခြင်း မပြုရ သေးသည့် ရပ်ကွက်/ကျေးရွာများရှိ မီတာတပ်ဆင်လိုသည့် အိမ်ထောင်စုများစာရင်း ပြုစုခြင်း၊ မီတာတပ်ဆင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Schedule များ ရေးဆွဲခြင်း၊ One Stop Service ဆောင်ရွက်မည့် အဖွဲ့များဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မီတာတပ်ဆင်ရေးအဖွဲ့များ ကွင်းဆင်းဆောင်ရွက် မည့် အစီစဉ်အား ဒေသအာဏာပိုင် အဖွဲ့အစည်းများသို့ အကြောင်းကြားခြင်းနှင့် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းတို့ကို  အစီအစဉ်အတိုင်း ဆောင်ရွက်သွားပါမည်။

          (ခ)   အသေးစိတ်စီမံချက်။  အောက်ပါအတိုင်းဆောင်ရွက်ပါမည်-

            (၁)   မီတာတပ်ဆင်ခြင်းမပြုရသေးသည့် ရပ်ကွက်/ကျေးရွာများ စာရင်းပြုစုခြင်း။ ပြည်နယ်/တိုင်းဒေသကြီးများရှိ ဓာတ်အားရောက်ရှိပြီး မီးမသုံးစွဲရသေးသည့် ရပ်ကွက်/ကျေးရွာများတွင် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ ဘတ်ဂျက်(သို့) ကိုယ်ထူကိုယ်ထ မီးလင်းရေးရန်ပုံငွေ တစ်ခုခုဖြင့် 11kV လိုင်း၊ 0.4 kV လိုင်းနှင့် ထရန်စဖော်မာများ အဆင်သင့် တပ်ဆင်ထားပြီးဖြစ်သည့် ရပ်ကွက်/ ကျေးရွာများရှိ မီတာတပ်ဆင်လိုသည့် အိမ်ထောင်စုများစာရင်းကို တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများအလိုက် ပြုစုတင်ပြစေပါ မည်။

               (၂)   မီတာတပ်ဆင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အချိန်ဇယား (Schedule) များ ရေးဆွဲစေခြင်း။ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြုစုထား သည့် ရပ်ကွက်/ကျေးရွာများစာရင်းအရ OSS အဖွဲ့ဖြင့် လှည့်လည်သွားရောက်၍ မီတာများတပ်ဆင်မည့် အချိန်ဇယား(Schedule)များ ရေးဆွဲစေပြီး ၎င်း အချိန် ဇယားအတိုင်း OSS အဖွဲ့များကို မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း လှည့်လည်ဆောင်ရွက်စေပါမည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြုစုထားသည့် စာရင်းထဲမှ ရပ်ကွက်/ကျေးရွာများကို ဦးစားပေး အစီအစဉ်အလိုက် ရွေးချယ်ပြီး ဆောင်ရွက်ပေးသွားပါမည်။

             (၃)   OSS အဖွဲ့များ ဖွဲ့စည်းခြင်း။ One Stop Service (OSS) အဖွဲ့များကို တိုင်းဒေသ ကြီး/ပြည်နယ်(၁)ခုချင်းစီတွင် အောက်ပါပုဂ္ဂိုလ်များဖြင့် ပါဝင်ဖွဲ့စည်း သွားမည် ဖြစ်ပါသည်-

                        (က) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ရုံးချုပ်မှ ကိုယ်စားလှယ် (၁)ဦး

                        (ခ)   တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကိုယ်စားလှယ်(၁)ဦး

                        (ဂ)   သက်ဆိုင်ရာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကိုယ်စားလှယ်(၁)ဦး

                        (ဃ) သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ/မြို့လျှပ်စစ်မှူးရုံးမှဝန်ထမ်းများ

          (၄)   OSS အဖွဲ့များမှ ကွင်းဆင်း၍ မီတာများ နေ့ချင်းပြီး တပ်ဆင်ခြင်း။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ရေးဆွဲထားသည့် အချိန်ဇယား အတိုင်း သတ်မှတ်ထားသည့် ရပ်ကွက်/ကျေးရွာများသို့ မီတာများတပ်ဆင်ပေး မည့်အစီအစဉ်ကို ဒေသအာဏာပိုင်အဖွဲ့အစည်းများသို့ ကြိုတင်ပေးပို့၍ အကြောင်း ကြားပါမည်။ OSS ပြုလုပ်ပေးမည့်နေရာကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး နှင့် ညှိနှိုင်းသတ်မှတ်ထားပြီး ဖြစ်ရပါမည်။ မီတာများသွားရောက်တပ်ဆင်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ/ မြို့လျှပ်စစ်မှူးအပါအဝင် ဘဏ္ဍာရေး တာဝန်ခံ ဝန်ထမ်း၊ လိုင်းမင်းများ၊ မီတာစာရေးများနှင့် လိုင်စင်ရ ကန်ထရိုက်တာများကို ခေါ်ဆောင်၍ သွားရောက်ပါမည်။ OSS အဖွဲ့သည် ယာယီရုံးဖွင့်လှစ် ဆောင်ရွက် သည့်နေရာတွင် လိုအပ်သော စာရွက်စာတမ်းများ စစ်ဆေးခြင်း၊ အချက်အလက် အထောက်အထားများ ပြည်စုံပါက သတ်မှတ်သည့် အိမ်သုံးမီတာကြေး (Infrastructure Fee) များ ပေးသွင်းစေပြီး မီတာတပ်ဆင်ပေးခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပါမည်။

(ဂ)   ထိုသို့ ဆောင်ရွက်ရာတွင် အချို့နေအိမ်များ၌ အိမ်တွင်း Wiring လုပ်ငန်းများမဆောင် ရွက်ရသေးပါကလည်း မီတာကို ကြိုတင်တပ်ဆင်ပေးထားမည်ဖြစ်ပြီး မီတာတပ်ဆင်ချိန် တွင် အိမ်တွင်း Wiring လုပ်ငန်းကို တပါတည်း ဆောင်ရွက်လိုပါက အဖွဲ့နှင့်အတူ လိုက်ပါလာသည့် လိုင်စင်ရကန်ထရိုက်တာမှ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ မီတာ တပ်ဆင်ပေးရာတွင် စစ်ဆေးဆောင်ရွက်ရမည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

                 (၁)  ပိုင်ဆိုင်မှုအထောက်အထား(သို့)အိမ်ထောင်စုစာရင်း ပါရှိရမည်။

                 (၂)  လျှောက်ထားသည့်နေရာတွင် အဆောက်အဦရှိရမည်။

                 (၃)  ဓာတ်အားသုံးစွဲမည့် အဆောက်အဦသည် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေရ။

                 (၄)  ဓာတ်အားလိုင်းနှင့် ပေ ၃၀၀ အတွင်း ရှိရမည်။

                 (၅)  ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းဝန်အားနိုင်နင်းရမည်။

(ဃ) OSS အဖွဲ့သွားရောက်သည့်အခါ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာနေပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့်ဆိုင်သော လက်ကမ်းစာစောင် များပေးဝေခြင်း၊ ဗီနိုင်းပိုစတာများ ချိတ်ဆွဲပြသခြင်းတို့ကို ဆောင်ရွက်ပေးပါမည်။ ထို့ အပြင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ/မြို့လျှပ်စစ်မှူးမှ ဦးဆောင်၍ လျှပ်စစ်နှင့် ပတ်သက် သော သိကောင်းစရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များကို  ဟောပြောပို့ချခြင်း၊ Power Point ပြသခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားပါမည်။

၄။      အများပြည်သူသို့ ကြိုတင်အကြောင်းကြား အသိပေးခြင်း။     OSS အဖွဲ့ မသွားရောက်မီ ၎င်းတို့ အဖွဲ့သွားရောက်မည့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ကြိုတင်သိရှိပြီး ပြင်ဆင်ဆောင်ရွက် ထားနိုင်ရန်အတွက် အောက်ပါအချက်အလက်များကို ၂ ရက်ခန့်စော၍ အသိပေးအကြောင်းကြား ပါမည်-

          (က)    OSS အဖွဲ့လာရောက်မည့် နေ့ရက်၊ အချိန်။

          (ခ)     OSS အဖွဲ့မှ ဆောင်ရွက်ပေးမည့် လုပ်ငန်းများ။

         (ဂ)     OSS အဖွဲ့မှ စစ်ဆေးဆောင်ရွက်နိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိရမည့် အထောက် အထားများ။ (မှတ်ပုံတင်၊ အိမ်ထောင်စုဇယားစသည် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ)

          (ဃ)    ပေးသွင်းရမည့် မီတာသတ်မှတ်ကြေး ပမာဏ။

          (င)     ပညာပေးဟောပြောပို့ချမှု ပြုလုပ်မည့် အစီအစဉ်။

 

အုပ်ချုပ်မှု

၅။      One Stop Service (OSS) အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများကို ခရိုင်လျှပ်စစ်အင်ဂျင်နီယာ မှ အနီကပ်ကြီးကြပ်ကွပ်ကဲ၍ မြို့ရုံးမှ ဝန်ထမ်းများဖြင့် ဆောင်ရွက် ပါမည်။ OSS အဖွဲ့အတွက် သွားလာရေးလွယ်ကူစေရန် တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင် နီယာမှ မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးရပါမည်။ ဆက်သွယ်ရေးအဖြစ် ရုံးချုပ်၊ တိုင်းဒေသ ကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် မြို့ရုံးတို့မှ ကြိုးဖုန်းများကို အသုံးပြု၍လည်းကောင်း၊ လက်ကိုင်ဖုန်းများဖြင့်လည်းကောင်း ဆက်သွယ်ဆောင်ရွက်ပါမည်။

 

နိဂုံး

၆။      လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အသစ်ဝယ်ယူထားသော အိမ်သုံးမီတာများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ System ဓာတ်အားနှင့် ဖြန့်ဖြူးရေးလိုင်းနှင့်ခွဲရုံများ အဆင်သင့် ဖြစ်နေသည့် မြို့/ကျေးရွာအုပ်စုများရှိ ရပ်ကွက်/ကျေးရွာများသို့ OSS အဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်း တပ်ဆင်ဆောင်ရွက်ပေးမည်ဆိုပါက ပြည်သူများအမြန်ဆုံး မီးရရှိသုံးစွဲနိုင်ခြင်း၊ နိုင်ငံတော်မှ ရသင့် ရထိုက်သည့် မီတာသတ်မှတ်ကြေးများကို သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရရှိနိုင်ခြင်း၊ အခြား သော မသမာမှု၊ အလွဲသုံးစားမှုနှင့် အချိန်ကြန့်ကြာမှုများ ကင်းဝေးနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ အလင်းရောင်စီမံချက်ရေးဆွဲ၍ မီတာတပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းသည် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် အလွန်အကျိုးရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Post under by : လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)
23-Jul-2018