The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စတေနိုင်ငံ သံအမတ်ကြီး H.E. Mr. Joao Freitas de Camara အား လက်ခံတွေ့ဆုံ

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (  ၂၂  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ တီမောလက်စတေနိုင်ငံ သံအမတ်ကြီး H.E. Mr. Joao Freitas de Camara အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ် ဆောင်ရွက်နေသည့် အစီအမံအတွေ့အကြုံများနှင့်ပတ်သက်၍ နှစ်ဖက်အတွေ့အကြုံများ မျှဝေခြင်း၊ မြန်မာနိုင်ငံ၏အနာဂတ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာကုမ္ပဏီများမှ ပိုမိုရင်းနှီးမြှုပ်နှံ နိုင်ရေး၊ အနာဂတ်တွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအား Privatization သို့ တဖြည်းဖြည်း ပြောင်းလဲနေမှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ ကုန်းတွင်းနှင့် ကမ်းလွန်ဒေသများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများတွင် တွေ့ကြုံရသည့် အခွင့်အရေးနှင့် စိန်ခေါ်မှုများ၊ Generation Mix အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ဓာတ်အားထုတ်လုပ်မှု အခြေအနေများ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ကဏ္ဍရှိ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စတေ နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
22-Oct-2019