၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ( ၂၂ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ညွှန်ကြားရေးမှူးများနှင့် ဓာတ်အားပေး စက်ရုံမှူးများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ယနေ့လို လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့်အစည်းအဝေးကို ပထမသုံးလပတ်ကာလအပြီး၌ ခေါ်ယူရခြင်း သည် ယခုဘဏ္ဍာရေးနှစ်သည် ယခင်နှစ်များနှင့်မတူဘဲ လုပ်ငန်း ဆောင်ရွက်နိုင်ရန်ကာလများကို အဓိကထားသတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အသစ်လည်း ဖြစ်ပြီး လျှပ်စစ်ကဏ္ဍအတွက်လည်း အရေးကြီးသည့်နှစ်ဖြစ်သည့်အတွက် ခေါ်ယူ ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအားဖြင့် လျှပ်စစ် ဓာတ်အားရရှိမှုသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ အနေဖြင့် ပါဝင်သည့်အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ယခုနှစ်တွင် ထုတ်လုပ်မှုအပိုင်း၊ သယ်ယူပို့ဆောင်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် တိုးတက် ဖြစ်ပေါ်မှုများကို ယခင်ကထက် ပိုမိုကောင်းမွန်လာစေရန် မျှော်မှန်းထားသည့်အတွက် လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဖြည့်ဆည်းပေးမှုအပေါ် မိမိတို့အနေဖြင့်လည်း အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကိုစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ် စေရေးအတွက် ကြိုတင် စီမံဆောင်ရွက်ထားကြရန်နှင့် လိုအပ်သည်များကို စနစ်တကျ စီမံခန့်ခွဲ ထားကြရန် လိုအပ်ကြောင်း၊ ပြည်သူများ လျှပ်စစ်သုံးစွဲမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်မဖြစ်ပေါ် စေရေး နည်းမျိုးစုံဖြင့် ပညာပေးဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု မရှိစေရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား တရားမဝင်သွယ်တန်း ခိုးယူသုံးစွဲမှု များ မရှိစေရေး ထိထိရောက်ရောက် တားဆီး စစ်ဆေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် ပြီးခဲ့သည့် ပထမသုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီ ကာလအတွက် ၁၁၆၆ မဂ္ဂါဝပ်အား ထပ်တိုးထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိသည့်အတွက် မိမိတို့၏ ရည်မှန်းချက်များကို ဟန်ချက်ညီ အာရုံစိုက်၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ လက်ရှိ ထုတ်လုပ်နေသော ဓာတ်အားပေးစက်များကိုလည်း ကြံ့ခိုင်ကောင်းမွန်စွာဖြင့် စက်စွမ်းအားပြည့် ဓာတ်အားထုတ်လုပ်နိုင်ရေး အကောင်းဆုံး ကြိုးစားဆောင်ရွက်ကြရန်နှင့် ဓာတ်အားပေးစက်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုများ၊ Power Plant များ၏ Efficiency များ တိုးတက်ရေး၊ ဓာတ်အားပေးစက်ရုံ အဟောင်းများကို Rehabilitation ပြုလုပ်မည့် အစီအစဉ် များကိုလည်း ရေးဆွဲထားသည့် Time Schedule အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ မည်သို့ပင် ထုတ်လုပ်နိုင်စေကာမူ သုံးစွဲသူထံ ရောက်ရှိအောင် ပို့လွှတ်ရ သည့် ဓာတ်အားပို့လွှတ်ရေးအပိုင်းသည်လည်း အရေးကြီးသည့်အတွက် ထုတ်လုပ်ပြီး လျှပ်စစ် ဓာတ်အားများအား ပြည်သူလူထုထံသို့ Losses နည်းပါးစွာဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီဖြန့်ဖြူး ပေးပို့နိုင်ရေး စီမံချက်များအတိုင်း ဟန်ချက်ညီညီ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Transmission ပိုင်း ဆောင်ရွက်စဉ် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ အများကြီးဖြစ်လာနိုင်ကြောင်း၊ ၎င်းအပြင် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှုများအပေါ် မတတ်နိုင်သည့်အနေအထားမှအပ မိမိတို့ သိရှိထားသည့် ဖြစ်ပေါ်လာနိုင်မည့် Weakness Point များအပေါ် သုံးသပ်၍ ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ကြောင်း၊ ဘတ်ဂျက်နှစ်အစကတည်းက ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်း များကို ချမှတ်ထားသည့် Plan အတိုင်း အချိန်မီပြီးစီးအောင် ကြပ်မတ် ဆောင်ရွက်သွားကြရန်နှင့် Budget အပိုင်းတွင်လည်း အထူးအလေးထား ဂရုပြုသုံးစွဲရန် တိုက်တွန်းလိုပါကြောင်း၊ ဌာနများ အနေဖြင့် တင်ဒါခေါ်ဆိုခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် ဌာနအသီးသီးမှ မိမိတို့၏ လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို Work Plan ချမှတ်ထားမှု အခြေအနေများ၊ ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရေး အစီအမံများ၊ လက်ရှိဓာတ်အားပို့ လွှတ်ဖြန့်ဖြူးပေးနိုင်မှုအခြေအနေများကိုလည်း အသေးစိတ်တင်ပြကြရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့်အလျောက် မိမိတို့ လုပ်ဆောင်မှုများအပေါ် ပြည်သူများမှ နားလည်လက်ခံလာစေရေး ထိတွေ့ပြောဆိုချပြ ဆောင်ရွက်သွားရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူကို ဗဟိုပြုသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုအပိုင်းတွင်လည်း သိသိသာသာ တိုးတက် ကောင်းမွန်လာအောင် ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်ဝပြီး တည်ငြိမ် သည့် လျှပ်စစ် ဓာတ်အားများကို နောက်ထပ် ၅ နှစ်စာ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး Generation Complex Plan နှင့် Transmission Hub Plan များကိုလည်း စီမံချက်များ ရေးဆွဲချမှတ် ထားပြီးဖြစ်၍ ၎င်းတို့အပေါ်၌လည်း အားလုံးမှဝိုင်းဝန်း၍ ဟန်ချက်ညီညီ ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ စီမံကိန်းညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်ကာလများ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းမှ လက်ရှိဆောင်ရွက် ထားရှိမှုအခြေအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတွင် ထုတ်လုပ်မည့် LNG သုံး စီမံကိန်းများ၏ တည်ဆောက်မှု အခြေအနေတို့အား အသီးသီး ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။