The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ (၃၃/၁၁) ကေဗွီ၊ (၅) အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (   ) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင် အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ  ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူ များ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိစေရေးတို့အား အဓိကအခန်းကဏ္ဍမှ  ဦးစားပေး ဆောင်ရွက် လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ရည်မှန်းချက် ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေး စက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများ ရှိသကဲ့သို့ ဓာတ်အားစနစ်နှင့် ဝေးကွာသောဒေသများသို့လည်း စွမ်းအင်အရင်းအမြစ်မျိုးစုံကို နည်းမျိုးစုံ အသုံးပြုပြီး ဓာတ်အားပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊  ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းတွင် ကျေးရွာပေါင်း (၁,၀၃၁) ရွာ ရှိသည့်အနက် ၂၀၁၈ ခုနှစ်၌ ရွာပေါင်း(၄၇၅)ရွာကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့၍ (၄၆)ရာခိုင်နှုန်း ခန့်သာ ရရှိခဲ့ရာမှ  ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင်  တောင်ပိုင်းခရိုင်အတွင်း (၁၂၃)ရွာကို ထပ်မံ၍ ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စုစုပေါင်း (၅၉၈)ရွာ ဓာတ်အား ရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားရရှိမှုအနေဖြင့် (၅၈)ရာခိုင်နှုန်းခန့်ထိ ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျန်ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း (၁,၀၈၅) ရွာသာ မီးလင်းခဲ့သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ (၂၆၉) ရွာကို ထပ်မံမီးလင်းခဲ့၍ ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းခန့်ထိ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ (၄၉၅)ရွာ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက် လျက်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ကျန်ရှိသည့် (၂၅၉) ရွာကို လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေ ပြည်သူများ အားလုံး (၁၀၀) ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အနက် ယခုဆောင်ရွက်ပေးခဲ့သော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း တွံတေးမြို့နယ်သည် ဧရိယာ အကျယ်အဝန်း ၂၇၉.၀၉ စတုရန်းမိုင်ကျယ်ဝန်းကာ မြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၅) အုပ်စု၊ ကျေးရွာပေါင်း (၂၃၅)ရွာ ရှိသည့်အနက်  မြို့ပေါ်ရပ်ကွက်  (၈) ရပ်ကွက်နှင့် ကျေးရွာ (၁၂၁)ရွာ တို့ကိုသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခု ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယ ဓာတ်အား ခွဲရုံတစ်ရုံ၊ ထရန်စဖော်မာ (၂၀)လုံး၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၉.၅၂)မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၂၅.၁၃) မိုင်နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂၃.၄)မိုင် တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ (၂,၄၇၂.၅၀၅) သန်း အသုံးပြုကာ တည်ဆောက် ပေးခဲ့သည့်အတွက် ကျေးရွာပေါင်း (၃) ရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ကာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် နောက်ထပ် ကျေးရွာ (၂၈)ရွာ ထပ်မံဓာတ်အားရရှိမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၃,၄၃၅)စုကို ထပ်မံဓာတ်အားရရှိသွားမည်လည်း ဖြစ်ပါကြောင်း၊ ဤဒေသရှိ မိဘပြည်သူများ အနေဖြင့် ယခင်က မရရှိခဲ့သည့် လျှပ်စစ်ဓာတ်အားများ ရရှိလာသည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တို့တွင် အစစတိုးတက်ပြောင်းလဲလာမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက် စေရန် အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့် အညီ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ဒေသခံ မိဘပြည်သူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့ပါသည်။

              ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်အားခွဲရုံ ဖွင့်လှစ် နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင် နှင့် တွံတေးမြို့နယ်၊ ခတ္ထိယရွာသစ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုး တို့က ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။

              ၎င်းနောက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား မုခ်ဦး အား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စွမ်းအင်လျှပ်စစ် သတ္တုနှင့် သစ်တောရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ရှိန် ၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၊ တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

              ထို့နောက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကမ္ဗည်း ကျောက်စာမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
09-Feb-2020