၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၁၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 တွင် တည်ရှိသော သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှု အခြေအနေများ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား တူးဖော်ရေး သင်္ဘော (Drill-Ship) Maersk Viking ပေါ်ရှိ ရှင်းလင်းဆောင်တွင် စီမံကိန်းမှ တာဝန်ရှိသူ များက မဟာ(၁) အစမ်းတွင်း ရှာဖွေတူးဖော်နေမှုအခြေအနေ၊ ရွှေစီမံကိန်းမှ ပြည်ပသို့ တင်ပို့ ရောင်းချ နေမှု အခြေအနေနှင့် ပြည်တွင်းသို့ ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့ပြီး ရှာဖွေရေးတွင်း မဟာ(၁) တူးဖော်၍ သဘာဝဓာတ်ငွေ့ စမ်းသပ် ထုတ်လုပ်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ထုတ်လုပ်မှုပေါ် ခွဲဝေခံစားရေးစာချုပ် (PSC) စာချုပ်ချုပ်ဆို၍ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေသော POSCO international ကုမ္ပဏီ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီနှင့် KOGAS ကုမ္ပဏီတို့သည် လုပ်ကွက် A-3 တွင် ရှာဖွေရေးတွင်း ကစ္စပနဒီ(၁)၊ မဟာ(၁)၊ ရန်အောင်မြင်(၁) အစမ်းတွင်း ၃ တွင်းကို အသုတ်လိုက် တစ်ပြိုင်တည်း စနစ်ဖြင့် တူးဖော်နေခြင်း ဖြစ်ပါသည်။ မဟာ (၁) ရှာဖွေရေးတွင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် Top Hole စတင်တူးဖော်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့ပါသည်။
မဟာ(၁) ရှာဖွေရေးတွင်းတွင် စမ်းသပ်တိုင်းတာရရှိသော အချက်အလက်များအရ သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေသော ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာတွင် တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ (၄၀ ပေ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ တူးဖော်ရေး သင်္ဘော (Drill-Ship) Maersk Viking သည် လုပ်ကွက်အမှတ် A-3 ရှိ ရှာဖွေရေးတွင်း ရန်အောင်မြင်(၁)ကို ယခုဖေဖော်ဝါရီလအတွင်း ဆက်လက်တူးဖော်သွားမည်ဖြစ်ပါသည်။
မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် POSCO international ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ နိုင်ငံ ONGC ကုမ္ပဏီမှ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီမှ ၈.၅ ရာခိုင်နှုန်း နှင့် ကိုရီးယား နိုင်ငံ KOGAS ကုမ္ပဏီမှ ၈.၅ ရာခိုင်နှုန်း အချိုးကျစီပါဝင်ကာ အကျိုးတူ ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းတွင် POSCO international ကုမ္ပဏီမှ မြ(၁) ရှာဖွေရေးတွင်းကို ၂၀၀၅ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ပါသည်။ ထို့နောက် ၂၀၀၉ ခုနှစ်တွင် လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နှင့် လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ကွက်အမှတ် A-3 အတွင်း ရှာဖွေရေးတွင်း/အကဲဖြတ်တွင်းများ ဆက်လက် တူးဖော်၍ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ ပြည်ပပို့လွှတ်မှုနှင့် ပြည်တွင်းသုံးစွဲမှုတို့ကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဖွံ့ဖြိုးရေး (Development) လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တူးဖော်ရေးသင်္ဘော (Drill-Ship) Maersk Viking ပေါ်ရှိ ရှင်းလင်းဆောင်၌ စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ ဝန်ထမ်းများနှင့် နိုင်ငံခြားသား ပညာရှင် များ၊ POSCO international မှ တာဝန်ရှိသူများအား ဂုဏ်ပြု သစ်သီးခြင်း ပေးအပ်ခဲ့ပါသည်။