The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကြီးမှူးကျင်းပသော ကမ္ဘာ့အင်ဂျင်နီယာနေ့(World Engineering Day for Sustainable Development) အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲ ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ မတ်လ ( ၇ ) ရက်

            မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကမ္ဘာ့ အင်ဂျင်နီယာနေ့ (World Engineering Day for Sustainable Development) အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၇ ရက်နေ့ ညနေ ၁၈:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဌ၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှု ဖွံ့ဖြိုးရေး ကော်မတီဥက္ကဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး​များဖြစ်သော ဦးခင်မောင်ဝင်း၊ ​ဒေါက်တာထွန်းနိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်စည်ပင် သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဉက္ကဌ၊ ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ် ဉက္ကဌ ဦးအောင်မြင့် နှင့် ဗဟိုကော်မတီဝင်များ၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များ၊ အင်ဂျင်နီယာဆိုင်ရာကုမ္ပဏီများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

            အထိမ်းအမှတ်ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ညစာစားပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့၏ နာယက၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ လျှောက်လှမ်းခဲ့သည့် သမိုင်းကြောင်းနှင့် လက်ရှိ ရောက်ရှိနေသည့် အခြေအနေ၊ အာဆီယံအပြင် ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ်တွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ကမ္ဘာကြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရေးတွင် အင်ဂျင်နီယာများ၊ အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ အရေးပါသည့် အတွက် ယခုနှစ်မှစတင်၍ မတ်လ ၄ ရက်နေ့ကို ကမာ္ဘ့အင်ဂျင်နီယာများနေ့အဖြစ် UNESCO မှ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးခရီးပန်းတိုင် Sustainable Development Goal (၁၇)ချက်တွင် အင်ဂျင်နီယာမျာ မဖြစ်မနေ ဦးဆောင်ပါဝင်လှုပ်ရှားရမည့် ပန်းတိုင်(၅)ခုရှိကြောင်း၊ ၎င်းပန်းတိုင်များ အတွက် ရည်မှန်းချက်များအားလုံးကို ၂၀၃၀ ခုနှစ်တွင် အားလုံးတန်းတူညီစွာ ရရှိခံစားနိုင်ရေး အတွက် အင်ဂျင်နီယာများအားလုံး စည်းလုံးညီညွတ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် လိုအပ်ချက်များကို အကျယ်တစ်ဝင့် ရှင်းလင်းလမ်းညွှန် မှာကြားပါသည်။  

            မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှ ဂုဏ်ပြု အမှာစကားပြောကြား ရာတွင် အင်ဂျင်နီယာအတတ်ပညာသည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၏ အခြေခံလိုအပ်ချက်များ၊ နည်းပညာသစ်များ၊ ဖော်ထုတ်အသုံးပြုခြင်း၊ လူသားများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍများ၊ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး၊ စွမ်းအင်လုံလောက်စွာရရှိရေး၊ သဘာဝအရင်းအမြစ်များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲ ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းစဉ်များအတွက် မဖြစ်မနေအားကိုးအားထား ပြုရသူများဖြစ်ကြောင်း၊ ဦးနှောက်ယိုစီးမှုကာကွယ်ရေးအတွက် ပြည်တွင်းမှ မွေးထုတ်လိုက်သော အင်ဂျင်နီယာများအား ပြည်တွင်း၌ သင့်တင့်သောအလုပ်အကိုင်ရရှိစေရန် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ပြောင်းလဲလာသော နည်းပညာအသစ်များနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများဖြစ်အောင် ပညာရေးကဏ္ဍဘက်မှ စိစစ်ပြောင်းလဲပေးရန် လိုအပ် ပါကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဘက်မှ အရည်အချင်းမြှင့် သင်တန်းများ၊ ဆွေးနွေးပွဲများမပြတ်စီစဉ်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဘက်မှ ကျွမ်းကျင်မှုဆိုင်ရာအသိအမှတ်ပြု လက်မှတ်များ၊ စိစစ်ထုတ်ပေးခြင်းဖြင့် မိမိတို့အင်ဂျင်နီယာများ၏ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးရာရောက်မည် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့်အခမ်းအနား တွင် လူငယ်အင်ဂျင်နီယာများအတွက် ဂုဏ်ပြုဆုများချီးမြှင့်ပေးရန် စီစဉ်ထားကြောင်း သိရသည့် အတွက် အားရကျေနပ်မိပါကြောင်း၊ အင်ဂျင်နီယာလောကသားများအားလုံး စည်းလုံးညီညွတ်စွာ ဖြင့် ကူညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ရှင်းလင်းမှာကြားပါသည်။

            မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဌနှင့် Asia Pacific အင်ဂျင်နီယာ အသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာချာလီသန်းမှ ကမ္ဘာ့အင်ဂျင်နီယာနေ့ကျင်းပခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသိုင်းအဝိုင်း၏ အာဆီယံ အာရှပစိဖိတ်နှင့် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်တို့တွင် ပါဝင် ဆောင်ရွက်နေသည့်အခြေအနေများ၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ သုံးသပ်ရေးကော်မတီကို မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီမှ ဦးဆောင်ဆောင်ရွက်ရေးအတွက် အဆိုပြုခံရပုံများ၊ ဆက်လက် လုပ်ဆောင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။

            ဆက်လက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဌ ဦးအောင်မြင့်မှ အင်ဂျင်နီယာ အသင်း၏ ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ကမ္ဘာနှင့် မြန်မာတို့၏ တိုးတက်လာသည့် အင်ဂျင်နီယာအတက်ပညာသမိုင်းကြောင်းများ၊ Engineering(4) ကာလ၏ လိုအပ်ချက်များ၊ စိန်ခေါ်မှုများ၊ ရင်ဆိုင်ကျော်လွှားရမည့် အစီအမံများ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူ ပညာရှင်များနှင့် အတူတကွပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။

            ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာပြည်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ၊ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လုပ်ငန်း အတတ်သင်ပညာရပ်များ၊ ပိုမိုတိုးချဲ့ပေးနိုင်ရန် ဆောင်ရွက်နေမှုများ၊ UNESCO တွင် ပညာရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင် ဆောင်ရွက်နေမှုများ၊ လက်ရှိကာလတွင် မြန်မာနိုင်ငံမှ UNESCO ၏ ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူဆောင်ရွက်နေမှုများ၊ UNESCO မှ  ဦးဆောင်ကျင်းပသည့် ကမာ္ဘ့အင်ဂျင်နီယာများနေ့ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းတင်ပြပါသည်။

            World Engineering Day for Sustainable Development အခမ်းအနားအတွက် UNESCO Director General Ms. Audrey Azoulay ၏ message၊ ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် ဥက္ကဌ Professor Dr.Gong Ke, နှင့် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ 2017-2019 President Dr. MerleneKanga တို့မှပေးပို့သော message များအား Video ဖြင့်ပြသပြီး World Engineering Day for Sustainable Development ဆုရရှိသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၊ 2020 ခုနှစ်အတွက် စံပြုထိုက်သူ လူငယ်ဆုရရှိသူနှင့် အဖွဲ့လိုက်လုပ်ငန်း စွမ်းဆောင်ရည်ဆု ရရှိသူများအား မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဌနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ် ဥက္ကဌတို့မှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ကမ္ဘာ့အင်ဂျင်နီယာနေ့ အခမ်းအနား ကျင်းပနိုင်ရန် အတွက် မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ်ပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
08-Mar-2020