၂၀၂၀ ပြည့်နှစ်၊ မတ်လ ( ၁၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၏ ရေအားလျှပ်စစ်စီမံကိန်း အခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ဌာနခွဲမှူးများနှင့် တည်ဆောက်ရေးညွှန်ကြားရေးမှူးများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်သည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဖြစ်သည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံကို သာတူညီမျှဖြစ်အောင် ဖြည့်ဆည်း ဆောင်ရွက်မှုများကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးကို ဖြန့်ကျက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ယခုနှစ်၌ လျှပ်စစ် ကဏ္ဍကို တိုးတက်ဆောင်ရွက်နိုင်ရန် အများဆုံးပံ့ပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူ များနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး အတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများတည်ဆောက်၍ ပိုမိုဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ % အထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ % ၊ ၂၀၂၅−၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ % နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်းပြည့် သုံးစွဲနိုင်အောင် မျှော်မှန်းပြီး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဓာတ်အားပေးစက်ရုံ (၁၀)ရုံမှ ၉၀၄ မဂ္ဂါဝပ်ကိုတိုးတက်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဓာတ်အားစနစ်မှ ဓာတ်အား ပေးနိုင်ရေး ဆောင်ရွက်ပေးမှုများရှိသကဲ့သို့ ဓာတ်အားစနစ်မှ အလှမ်းကွာဝေးသောဒေသ များသို့လည်း လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေး အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်များ၊ လေစွမ်းအင်သုံး ဓာတ်အားပေးစက်များ၊ နေရောင်ခြည်စွမ်းအင်အသုံးပြု၍ ဓာတ်အား ပေးခြင်း၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အား ပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ယခု နွေရာသီကာလ၌ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် (၁၁၆၆)မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး၌ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၆၆ မဂ္ဂါဝပ်) ကို စတင်တိုးတက်ထုတ်လုပ်နေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ နှစ်အလိုက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ စုစုပေါင်း မြို့ပေါင်း (၄၈၉)မြို့၊ ကျေးရွာပေါင်း (၃၄,၉၈၂) ရွာနှင့် အိမ်ထောင်စုပေါင်း (၅,၄၅၁,၂၆၃) ရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါကြောင်း၊ လက်ရှိ တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများ အချိန်မီပြီးစီးစေရန်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်မည့် လုပ်ငန်းများအတွက် အသေးစိတ် လုပ်ငန်း ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို အသေးစိတ် တင်ပြသွားရန်နှင့် လက်ရှိ အကောင်အထည်ဖော်ဆဲ စီမံကိန်းများကိုလည်း ပြန်လည်စိစစ်သုံးသပ်ပြီး သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ သဘာဝအရင်းအမြစ် များတွင် ရေအားကို အခြေခံ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် အရင်းအမြစ် များစွာရှိ၍ ၎င်းတို့ကို အခြေခံပြီး ရေတိုရေရှည် စီမံကိန်းများကို ကြိုတင်ရေးဆွဲထားရန် လိုအပ်ကြောင်း၊ ထိုသို့ ရေးဆွဲရာတွင်လည်း ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ရာ၌ ထိုက်သင့်သည့် အချိန်ကာလ ယူ၍ တည်ဆောက်ရသဖြင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အခြေခံပြီး ရေးဆွဲ ထားရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ သတ်မှတ်ကာလများ၌ လျှပ်စစ် ဓာတ်အားများ အမြန်ဆုံး ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းစဉ်များ ကိုလည်း နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကိုလည်း စနစ်တကျ စိစစ်သုံးစွဲ၍ လုပ်ငန်းများအား အရည်အသွေး ကောင်းမွန်စေရေး စနစ်တကျကြတ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်း အသစ်များ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ချည်းကပ်လမ်း၊ တံတားနှင့် လူနေအဆောက်အဦးများကိုလည်း စနစ်တကျ တည်ဆောက်သွားရန်လို အပ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် တည်ဆောက်ရေး ညွှန်ကြားရေးမှူး အသီးသီးက ၎င်းတို့ တာဝန်ယူ ဆောင်ရွက်ရသည့် စီမံကိန်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း၊ ညွှန်ကြားရေးမှူးအသီးသီးက ရေအားလျှပ်စစ်စီမံကိန်းအသစ်များ စူးစမ်း လေ့လာခြင်း၊ တည်ဆောက်ပြီးရေလှောင်တမံများ၊ ရေအားလျှပ်စစ်စက်ရုံများနှင့် ဆက်စပ် ရေအားအဆောက်အအုံ များအား ပြုပြင်ခြင်း ဆောင်ရွက်နေမှုများနှင့် စက်/ယာဉ်/ ယန္တရားများနှင့်ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြပြီး ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ထို့နောက် လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Sustainable ဖြစ်သော Future Plan များနှင့် ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက သုံးသပ်ဆွေးနွေး တင်ပြခဲ့ကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။