၂၀၂၀ ပြည့်နှစ်၊ မတ်လ ( ၁၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မန္တလေး တိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဉက္ကဌ ဦးစိုးသူရထွန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကျောဇီကျေးရွာအနီးရှိ MCCM Co,l.t.d ၏ အသေးစား ရေနံချက် လုပ်ငန်း Mini Refinery စမ်းသပ်လည်ပတ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ခေတ္တဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့အဖွဲ့အား စက်ရုံရှင်းလင်းဆောင်တွင် စက်ရုံ တာဝန်ခံမှ စက်ရုံတည်ဆောက်ထားရှိမှု၊ စမ်းသပ်လည်ပတ်မည့်အစီအမံများနှင့် ပက်သက်၍ ရှင်းလင်း တင်ပြပြီး မြန့်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဒု-စက်ရုံမှူး ဒေါ်ဖြူဖြူအောင်က အသေးစားရေနံချက် လုပ်ငန်း (Mini Refinery) အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ MCCM Co,l.t.d ၏ အသေးစားရေနံချက်စက်ရုံအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ ပေးထားမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဦးဆောင်ညွှန်ကြားရေးမှုး ဦးအောင်မြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် မန္တလေးတိုင်းဒေသကြီး ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က မိမိတို့တိုင်းဒေသကြီးအတွင်း အသေးစားရေနံချက်လုပ်ငန်း Mini Refinery စမ်းသပ်လည်ပတ်ခြင်းအတွက် ကြိုဆိုပါကြောင်း၊ လိုအပ်သော အကူအညီများကိုလည်း ပံ့ပိုးကူညီပေးမည်ဖြစ်ပါကြောင်းနှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နည်းပညာအကူအညီများပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးက စက်ရုံမှထွက်ရှိသော စက်သုံးဆီများ အား အရည်အသွေးပြည့်ဝပြီး စျေးကွက်အတွင်းယှဉ်ပြိုင်နိုင်အောင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အတိအကျလိုက်နာရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေး အလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စက်ရုံမှစွန်ပစ်ပစ္စည်းများကိုလည်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းသာယာလှပစေရေးအတွက် အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးရန်လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လူမှုရေးတာဝန်သိမှုCSR အစီအစဉ် ထားရှိစေ လိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်းရှိ Digital Control System ဖြင့် စက်ရုံအား ထိန်းချုပ်မောင်းနှင်လည်ပတ်နေမှု အခြေအနေအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
MCCM Co,l.t.d ၏ အသေးစားရေနံချက်စက်ရုံသည် ပြည်တွင်းရှိရေနံလက်ယက်တွင်းများမှ ထွက်ရှိသောရေနံစိမ်းများကို တစ်ရက်လျင် ဂါလန် ၃၀၀၀၀ ချက်လုပ်ကာ ကုန်ချောအနေဖြင့် ဓာတ်ဆီ ၄၅၀၀ ဂါလန်၊ဒီဇယ်ဆီ ၁၉၅၀၀ ဂါလန်၊ မီးထိုးဆီ ၅၄၀၀ ဂါလန်ခန့် ချက်လုပ်ပေးနိုင်သော စက်ရုံတစ်ခုဖြစ်ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ လယ်ယာကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် စက်သုံးဆီကို သင့်တင့်သော စျေးနှုန်းဖြင့် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ရေနံလက်ယက်တွင်းများမှ ထွက်ရှိသော ရေနံစိမ်းများကို ထုတ်လုပ်မှုနည်းစဉ် စနစ်တကျဖြင့် ဒေသန္တရရေနံချက်လုပ်ခြင်း လုပ်ငန်း လိုင်စင်များ ခွင့်ပြုပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၄၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်း ၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၁၇ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်း ၄၅ ဦး စုစုပေါင်း ၄၇၈ ဦးအား လိုင်စင်စိစစ်ခွင့်ပြုပေးထားပြီး အသေးစား ရေနံချက်လုပ်ငန်း Mini Refinery ကိုယခု MCCM Co, L.t.d အား ပထမဦးဆုံးအကြိမ် စမ်းသပ် လည်ပတ်ခွင့်ပြုပေးထားပါသည်။