The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူများသို့ လျှပ်စစ်မီးပြတ်တောက်နေမှုအား အသိပေးတင်ပြခြင်း

           

           ယနေ့ ၁၃:၅၅ နာရီအချိန်ခန့်တွင် ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း ယာယီအပြစ်ဖြစ်၍ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေထားရှိသော နိုင်ငံတော်ဓာတ်အား စနစ်တစ်ခုလုံး (၃၅) မိနစ်ခန့်ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

              အဆိုပါ ဓာတ်အားပြတ်တောက်မှု အကြောင်းအရင်းအား စစ်ဆေးရာတွင် မြောင်းတကာ စက်မှုဇုံအတွင်း ဖြတ်သန်းတည်ဆောက်ထားသော ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း၏ တာဝါ တိုင်အမှတ် ၅ နှင့် ၆ အကြားရှိ တယ်လီဖုန်းတိုင်ကို မော်တော်ယာဉ်ဖြင့်တိုက်မှုဖြစ်ပွားခဲ့ပါသည်။

              ထိုတိုင်အား မော်တော်ယာဉ်တိုက်ခိုက်မှုကြောင့် မြောင်းတကာ-လှိုင်သာယာ ဓာတ်အား လိုင်းအောက်ရှိ ၃၃ကေဗွီ မြောင်းတကာ-စက်မှုဇုံ အမှတ်(၇) ဓာတ်အားလိုင်းအား ရိုက်မိပြီး မီးများပန်းထွက်ကာ ဓာတ်အားလိုင်းအောက်ရှိ မြက်ခြောက်ပင်များကို မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။

              အဆိုပါမီးလောင်မှုကြောင့် ၂၃၀ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း အား မီးဟပ်၍ ယာယီအပြစ်ဖြစ်ပြီး ဓာတ်အားစနစ်တစ်ခုလုံး ခေတ္တပြတ်တောက်မှု ဖြစ်ပွားခဲ့ ပါသည်။

              ယင်းဓာတ်အားပြတ်တောက်မှုအတွက် ဓာတ်အားအမြန်ရရှိရေးအား လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိပြီး ၁၄:၃၀ နာရီခန့်တွင် တစ်နိုင်ငံလုံး၏ ၆၆ ရာခိုင်နှုန်းအား ဓာတ်အားပြန်လည်ပို့လွှတ်ထားပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသည့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ဓာတ်အားဆက်လက် ရရှိ နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးပန်ကြားတင်ပြအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
03-Apr-2020