၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ( ၁၅ ) ရက်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ National Energy Puma Aviation Services Co., Ltd (Joint Venture of Myanma Petroleum Products Enterprise and Puma Energy Group Pte., Ltd) ၏ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ National Energy Puma Aviation Services Co., Ltd (NEPAS) မှ Mr. Gary Fisher နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိ အချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် COVID-19 ကပ်ရောဂါကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံတွင် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရ သည့်ကာလဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် မြန်မာနိုင်ငံအနေနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှု၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ဆောင်ရွက်ထားနိုင်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါကို အပြီးတွန်းလှန်နိုင်ရန် အားလုံး၏ပူးပေါင်းပါဝင်မှု လိုအပ်သကဲ့သို့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ကြိုးပမ်းဆောင်ရွက်ပေးနေ ကြသည့် ကျန်းမာရေးဝန်ထမ်း များကို မိမိတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါ ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်ရန်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် Puma Energy Group Pte.Ltd တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကာ မြန်မာနိုင်ငံတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် National Energy Puma Aviation Services Co., Ltd အနေဖြင့် အမေရိကန်ဒေါ်လာ ၁ သိန်းကို လူမှုရေးတာဝန်သိမှု (Corporate Social Responsibility) CSR Budget မှ လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ National Energy Puma Aviation Services Co., Ltd (NEPAS) သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ယခင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ရှယ်ယာ ၅၁% နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Puma Energy Group Pte. Ltd မှ ရှယ်ယာ ၄၉% ထည့်ဝင်ကာ အကျိုးတူပူးပေါင်းဖွဲ့စည်း ထားသည့် JV လုပ်ငန်းတစ်ခုဖြစ်ပြီး၊ လေယာဉ်ဆီဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုတွင် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လေဆိပ် ၁၂ ခုတွင် လေယာဉ်ဆီ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ NEPAS အနေဖြင့် လေယာဉ်ဆီဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး အရည်အသွေးပိုင်းသာမက ဝန်ဆောင်မှုပိုင်းတွင်ပါ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် စတင်ထူထောင်ချိန်မှ လက်ရှိအချိန်အထိ CSR လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ CSR လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာတွင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများဖွင့်လှစ်နိုင်ရန် လှူဒါန်းခြင်း၊ ထူးချွန်ကျောင်းသားများ အား ပညာသင်ဆုများပေးအပ်ခြင်း၊ မိဘမဲ့ကလေးကျောင်းများသို့ ပညာရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအတွက် လှူဒါန်းခြင်း၊ လမ်း အသုံးပြုသူပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပညာပေးသင်တန်း များဖွင့်လှစ်ခြင်း စသည့် CSR လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးရုံများ အတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်း၊ မသန်စွမ်းကလေးငယ်များအတွက် Wheelchair များ လှူဒါန်းခြင်း၊ HIV/ AIDS Center များသို့ လှူဒါန်းခြင်း အစရှိသည့် CSR လုပ်ငန်းများကိုပါ အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ NEPAS ၏လုပ်ငန်းများ စတင်ချိန်မှ ယခုအချိန်အထိ CSR လုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၂ သန်းခန့် ကျခံသုံးစွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် NEPAS အနေဖြင့် COVID ကာလအတွင်း အများပြည်သူသွားလာရေးနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် လေယာဉ်ဆီဈေးနှုန်းများကိုလည်း လျှော့ချ ပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ယခုလို လုပ်ငန်းဆောင်ရွက်မှုတွင် အောင်မြင်ရုံ မျှမက လူမှုရေးတာဝန်သိသည့် JV လုပ်ငန်း တစ်ခု၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် အထောက်အကူပြုသည့် JV လုပ်ငန်းတစ်ခုကို ထူထောင်နိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ NEPAS လုပ်ငန်း၏ ခေါင်းစဉ်အောက်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် စင်ကာပူနိုင်ငံအခြေစိုက် Puma Energy Group Pte., Ltd မှ တာဝန်ရှိသူ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ NEPAS ၏ ယခုကဲ့သို့ လှူဒါန်းငွေ များသည် မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကောင်းမွန်ထိရောက်သည့် အထောက်အပံ့တစ်ခု ဖြစ်စေလိုကြောင်း၊ COVID-19 ကပ်ရောဂါ တုန့်ပြန်ရေး လုပ်ငန်းများကို ရှေ့ဆုံးမှ ရဲရဲဝံ့ဝံ့ဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း ဘေးကင်းလုံခြုံစွာဖြင့် အများပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင် ပါစေကြောင်း၊ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသည့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြစေလိုကြောင်းနှင့် COVID-19 ကပ်ရောဂါ ကင်းစင်ပပျောက်ရေးအတွက် အားလုံး တက်ညီလက်ညီ ပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် National Energy Puma Aviation Services Co., Ltd (NEPAS) မှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သိန်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က လွှဲပြောင်းပေးအပ်ရာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
၎င်းနောက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ယခုအချိန်၌ မိမိတို့နိုင်ငံတွင် COVID-19 ကို အတိုင်းအတာတစ်ခုအထိ ရောဂါထိန်းချုပ်ထားနိုင်သော်လည်း မိမိတို့အနေဖြင့် ပေါ့ဆ၍မရဘဲ လုပ်ဆောင်ရန်ရှိသည်များအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ထိန်းချုပ်ထားနိုင်မှုများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာန များ၊ အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်ဖြစ်ပါကြောင်း၊ အထူး သဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် အလှူရှင်များ၏ စေတနာဖြင့် ဝိုင်းဝန်း ပံ့ပိုးမှုသည် အရေးကြီးပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများဖြင့် ဆေးပစ္စည်းကိရိယာများဝယ်ယူခြင်း၊ အဆောက်အဦများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ယခု COVID-19 ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင်မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်စေမည့် အရင်းအနှီး အထောက်အပံ့ကောင်းများဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဓာတ်ခွဲ၊ ဓာတ်မှန်စက်ကိရိယာများအပါအဝင် အဆင့်မြင့် စက်ကိရိယာများသည် လျှပ်စစ်ဓာတ်အားပြည့်ဝ မှန်ကန်စွာရရှိမှုအပေါ် များစွာ မှီတည်ဆောင်ရွက်ရသည်ဖြစ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ် ပြည့်ဝစွာဖြင့် ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ကုမ္ပဏီလုပ်ငန်းကြီးများ၏ CSR လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် လှူဒါန်းခဲ့သည့် National Energy Puma Aviation Services Co.,Ltd ကိုလည်း အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အလားတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိတ်ဖက် ကုမ္ပဏီများဖြစ်သည့် POSCO International Corporation၊ HYUNDAI၊ မီးလင်းဂျိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီနှင့် PTTEP ကုမ္ပဏီများမှလည်း အမေရိကန်ဒေါ်လာ ၃၆၂,၅၀၀ (သုံးသိန်း ခြောက်သောင်း နှစ်ထောင့် ငါးရာတိတိ) တန်ဖိုးရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော UTM Tube အစုံ ၁၅၀၀၀၊ Ventilator ၅ စုံ၊ Test Kit ၁ စုံတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပြီးဖြစ်သဖြင့် ယခုလှူဒါန်းမှုအပါအဝင် အမေရိကန်ဒေါ်လာ ၄၆၂,၅၀၀ (လေးသိန်း ခြောက်သောင်း နှစ်ထောင့် ငါးရာတိတိ) လှူဒါန်းပြီးဖြစ် ပါသည်။