နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ( ၂၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍ နှင့်ပတ်သက်သည့် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် စီမံကိန်းညွှန်ကြားရေးမှူးများသည် ရုံးအမှတ်(၂၇)မှလည်းကောင်း၊
ကြီးကြပ်မှုအောက်နယ်ဒေသများမှ ကော်ပိုရေးရှင်း ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေးစက်ရုံမှူးများနှင့် ဓာတ်အားခွဲရုံမှူးများသည် သက်ဆိုင်ရာဒေသမှနေ၍ Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာ၌ ယနေ့ အစည်းအဝေးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမနှင့် ဒုတိယသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုများ၊ ရန်ပုံငွေလျာထားမှုနှင့် စီမံကိန်းသုံးစွဲမှုအခြေအနေများကို ပြန်လည် သုံးသပ်လို၍ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အားသာချက်/အားနည်းချက် များကို သုံးသပ်ရန်ဖြစ်ပါကြောင်း၊ ပထမနှင့် ဒုတိယသုံးလပတ်အတွင်း စီမံကိန်းလုပ်ငန်း များ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး တတိယသုံးလပတ်ကာလသည် COVID-19 ကာကွယ် ထိန်းချုပ်ရသည့်ကာလဖြစ်နေ၍ လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုများ၊ စာချုပ် ချုပ်ဆိုခြင်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ၊ စာချုပ်ချုပ်ဆိုပြီး အပိုင်းလိုက် ပြီးပြတ်နေသော လုပ်ငန်းများအတွက် ငွေပေးချေနိုင်မှုမရှိခြင်းများ ကြုံတွေ့နေရပြီး လုပ်ငန်းများ အချိန်မီပြီးစီးခြင်းမရှိ၍ ပြန်လည်အပ်နှံခဲ့ရသည့် ဘဏ္ဍာငွေများရှိနေ ပါကြောင်း၊ ယခုအစည်းအဝေးသည် ပထမနှင့် ဒုတိယသုံးလပတ်အတွင်း ကျင်းပခဲ့ သည့်အစည်းအဝေးများနှင့်မတူဘဲ တတိယသုံးလပတ်အတွင်း COVID-19 ကြောင့် ရွေ့လျားသွားခဲ့သည့် စီမံကိန်းလုပ်ငန်းများ၊ စာချုပ်ချုပ်ဆိုမှုများ၊ ငွေပေးချေမှုများကို စတုတ္ထသုံးလပတ်အတွင်း မည်သို့ပြီးစီးရန်လုပ်သွားမည်ဆိုသည်ကိုသိလို၍ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ မကြာမီအချိန်အတွင်း ဘတ်ဂျက်နှစ်အသစ်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ စတုတ္ထသုံးလပတ်အတွင်း ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများ၊ ငွေပေးချေမှုများကို အချိန်မီပြီးစီးစေရေး အထူးဂရုပြု ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးလိုသည်ဖြစ်ရာ လုပ်ငန်းအပ်နှံစာချုပ်နှင့် ပစ္စည်းဝယ်ယူရေးစာချုပ်များတွင် စိုးရိမ်မှုလွန်ကဲပြီး ချည်နှောင်ထားမှုများကြောင့် ငွေပေးချေမှုများ နှောင့်နှေးခဲ့ရပါကြောင်း၊ အဆိုပါ စာချုပ်များကိုလည်း ပြင်ဆင်သုံးသပ်သွားရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ဓာတ်အားရရှိမှုသည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ယခုနှစ်တွင် Generation ၊ Transmission ၊ Distribution အပိုင်းတို့တွင် တိုးတက်ဖြစ်ပေါ်မှုများကို ပိုမိုကောင်းမွန်လာစေရန် မျှော်မှန်းထားသည့်အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနေပါကြောင်း၊ လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါခေါ်ဆိုဆောင်ရွက်ရမည့်လုပ်ငန်းများ၊ Specification ရေးဆွဲရမည့်လုပ်ငန်းများ၊ ငွေပေးချေရမည့်လုပ်ငန်းများ၊ ပစ္စည်းဝယ်ယူရမည့်လုပ်ငန်း များကို Item အလိုက်ခွဲခြား၍ ယခုကတည်းက ကြိုတင်ပြင်ဆင်ချမှတ်ဆောင်ရွက် ထားရန် အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထုကို အချိန်ပြည့် ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်ပြီး ပြည်သူလူထုနှင့် အနီးကပ် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်နေရသည့်ဌာနလည်းဖြစ်ပါကြောင်း၊ Generation Complex များရှိလာ သည်နှင့်အတူ Transmission Hub များလည်း ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ယခုကတည်းက လျှပ်စစ်ဓာတ်အားပို့လွှတ်မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်မည့်မြေနေရာများကို ကြိုတင်စဉ်းစားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်မှ တာဝန်ရှိသူများနှင့်ညှိနှိုင်း၍ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ Distribution အပိုင်းအနေဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း စသည့် ဌာန(၃)ခုသည် ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့နေရသည့်ဌာနဖြစ်ပါ ကြောင်း၊ အထူးကိစ္စရပ်တစ်ခုအနေဖြင့် ၁၅၀ ယူနစ် ကင်းလွတ်ခွင့် (အခမဲ့) အခြေအနေတစ်ခုကိုလည်း ဖြတ်သန်းခဲ့ရပါကြောင်း၊ ဓာတ်အားခနှင့်ပတ်သက်ပြီး ပြည်သူများ၏ ယုံကြည်မှုရရှိရန်လည်း အဖွဲ့လိုက်မီတာဖတ်သည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ အခမဲ့လျှပ်စစ်သုံးစွဲမှုကို အိမ်ထောင်စုပေါင်း ၃.၄ သန်းခန့် ခံစားခွင့်ရရှိသဖြင့် COVID-19 ကာလအတွင်း သက်သာမှုတစ်ခုကို အစိုးရမှ ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူများအပေါ် စေတနာထားပြီး ပြည်သူကိုဗဟိုပြု၍ ဆောင်ရွက်ရသည့်ဌာနဖြစ်သည့်အတွက် မိမိတို့၏ လက်အောက်ဝန်ထမ်းများကို ပြည်သူလူထုနှင့် ဆက်ဆံပြောဆိုသည့်အပိုင်းတွင် အဆင်ပြေမှုရှိအောင် လေ့ကျင့် သင်ကြားပေးထားရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လျှပ်စစ်ဆိုင်ရာအခက်အခဲများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ရှိ Call Center ကဲ့သို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး အသီးသီးတွင်လည်း Call Center များ ထားရှိနိုင်ရေး ဆောင်ရွက်သွားကြရန်လိုအပ် ကြောင်း၊ Generation နှင့်ပတ်သက်၍ နိုင်ငံပိုင်စက်ရုံ၊ ပုဂ္ဂလိကစက်ရုံများရှိရာ စက်ရုံမှူးများအနေဖြင့် မိမိတို့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရန် လိုအပ်ပြီး မိမိတို့ စက်ရုံ၏ Protection အားနည်းချက်ကြောင့် စက်ချို့ယွင်းမှုဖြစ်ပေါ်ပါက စက်ရုံများ ရပ်တန့်၍ မဂ္ဂါဝပ်များစွာဆုံးရှုံးသွားနိုင်ပါကြောင်း၊ Transmission နှင့်ပတ်သက်၍ Supply ကောင်းစွာရှိခြင်းနှင့် ဓာတ်အားဝယ်ယူခြင်းများ ဆောင်ရွက်ထားသော်လည်း ပြည်သူများကို ပြည့်ဝစွာ မဖြန့်ဖြူးပေးနိုင်ပါက အကျိုးဖြစ်ထွန်းမည်မဟုတ်သည့် အတွက် Transmission Side ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Distribution တွင်လည်း ကြိုးစား၍ Outage နည်းရန်၊ Losses နည်းရန် ဝန်ဆောင်မှု ကောင်းအောင် အချိန်ပြည့် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀% ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားသုံးစွဲမှု (၅၄.၁၅%) အထိ တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး၏ (၇၅%) အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၏ (၁၀၀%) အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး စွမ်းအင် အရင်းအမြစ်အမျိုးမျိုးကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် သုံးစွဲနိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု တို့သည် တိုက်ရိုက်ဆက်နွယ်နေသည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ အားလုံး ကိုယ်ရောစိတ်ပါအာရုံစိုက်၍ အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုအချိန်သည် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်လျက်ရှိသည့် ကန့်သတ်ကာလဖြစ်သည့်အတွက် မိမိတို့၏လုပ်ငန်း များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး အထူးဂရုပြုပြီး အာရုံစိုက်၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ စီမံကိန်းညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမနှင့် ဒုတိယသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုများ၊ ရန်ပုံငွေလျာထားသုံးစွဲခဲ့မှုနှင့် စီမံကိန်းပြီးစီးမှု၊ တတိယ သုံးလပတ် COVID-19 ကာလအတွင်း ပြန်လည်အပ်နှံခဲ့ရသည့် အထွေထွေပိုလျှံရန်ပုံငွေ စာရင်းနှင့် ပြန်လည်ထုတ်ယူသုံးစွဲမှု၊ တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်း ဆောင်ရွက်မှု၊ ရန်ပုံငွေလျာထားချက်၊ ပြီးစီးမှုနှင့် ပြီးစီးနိုင်မည့် စီမံကိန်းလုပ်ငန်း အခြေအနေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အထိ လုပ်ငန်း ဆောင်ရွက်မှု၊ ရန်ပုံငွေလျာထားသုံးစွဲမည့်အခြေအနေတို့အား အသီးသီးရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။