ထီးလင်း စက်တင်ဘာ ၁၆
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင် ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါကျေးရွာ(၆)၌ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ “ကျွန်တော်တို့ အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ (၁၇)ရွာမှာ ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားပါတယ်။ ကျေးရွာ (၆)ရွာမှာတော့ လျှပ်စစ်မီး လင်းနေပါပြီ။ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းတွေကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က သူတို့ရဲ့ခွင့်ပြုရန်ပုံငွေနဲ့ဝယ်ပေးပြီးတော့ လုပ်ငန်းကို ကျွန်တော်တို့က အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်” ဟူ၍ ထီးလင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ် လျှပ်စစ်မှူး ဦးဇော်လွင်က ပြောကြားခဲ့သည်။
ထီးလင်းမြို့နယ်တွင် ကျေးရွာမီးလင်းရေးလုပ်ငန်းများကို တောမ၊ ညောင်ဇဉ်၊ ပဇင်းချောင်၊ ဝါးဘိုးချောင်၊ အုံးတွဲ၊ ကွမ်းဇဲ၊ လုံးပေါင်၊ လက်ပန်၊ ငါးဆင်း၊ ညောင် နှင့် ညောင်ဟောင်း စသည့်ကျေးရွာ(၁၁)ရွာတွင် လုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ပြီး လယ်ကိုင်း၊ ရှဲ၊ မြစ်ကိုင်း၊ ကျောက်စာရေး၊ အညာဘန်းနှင့်ဘူးတောင်း ကျေးရွာတို့တွင် လျှပ်စစ်မီးများ ရရှိနေပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးဇော်လွင် ထံမှ သိရှိရသည်။
အောင်စည်(ပြန်/ဆက်)