၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ( ၁၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ ကမ္ဘာ့ကပ် ရောဂါ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံထုတ် RT-PCR Test Kits and Rapid Antigen Test Kits များအား ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း သာကေတကမ်းလွန်ရေနံ အခြေစိုက်စခန်း၊ အထွေထွေ မန်နေဂျာ ဦးတင်ထွန်းနိုင်နှင့် POSCO International Corporation မှ Managing Director, Mr. Jung Hwan Lee တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းထံ Test Kits များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ POSCO International Corporation ကုမ္ပဏီသည် MOGE နှင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း (ကမ်းလွန်လုပ်ကွက် A1 ၊ A3) နှင့် ကမ်းလွန်လုပ်ကွက် AD-7 တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက် နေသောကုမ္ပဏီဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဉီးစီးဌာနရှိ ဓာတ်ခွဲခန်းသို့ COVID-19 ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်းကို ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ တန်ဖိုးရှိ RT-PCR Test Kits (၁၀,၀၀၀) ခုကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိ RT-PCR (QIA CubeHI (QIAGEN)) စက်နှင့် RT-PCR Test Kits (၇,၂၀၀) ခုကိုလည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ RT-PCR Test Kits (၁၅,၀၀၀) ခုတို့ကိုလည်းကောင်း လှူဒါန်းခဲ့ပြီးဖြစ်ရာ ယခုအကြိမ်သည် စတုတ္ထအကြိမ်အဖြစ် အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ Rapid Antigen Test kits (၁၃,၆၅၂) ခု လှူဒါန်းခြင်းဖြစ်သဖြင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၆၀,၀၀၀ ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။