၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၂၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်အား သြစတြီးယား နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမင်းသိမ်းနှင့် ကနေဒါနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးဟောက်ခန့်ဆုမ်းတို့မှ သက်ဆိုင်ရာနိုင်ငံများသို့ သွားရောက်တာဝန် ထမ်းဆောင်ခြင်း မပြုမီ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ ၁၆:၀၀ နာရီအချိန်တွင် ရုံး အမှတ် (၂၇) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ သံအမတ်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သြစတြီးယားနိုင်ငံ၊ ကနေဒါနိုင်ငံတို့နှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန် စေရန်အတွက်လည်းကောင်း၊ အဆိုပါနိုင်ငံများမှ နည်းပညာ အကူအညီနှင့် ဝန်ထမ်းများအတွက် ကာလတို၊ ကာလရှည် Capacity Building Program များ ပိုမိုရရှိစေရန်အတွက်လည်းကောင်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်၊၊
သံအမတ်ကြီးများက မိမိတို့အနေဖြင့် သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံများ နှင့် မိမိတို့နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက် ကောင်းမွန်စေရန် အစွမ်းကုန် ကြိုးစားကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။