The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဟိုပုံးမြို့နယ်-စံငေါ (၃၃)ကေဗွီ ဓာတ်အားလိုင်းနှင့် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ (၂၈) ရက်

             ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး-စံငေါ (၃၃)ကေဗွီ ဓာတ်အားလိုင်းနှင့် ၃၃/ ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလ (၂၈)ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ဟိုပုံးမြို့နယ် စံငေါကျေးရွာ၌  ကျင်းပပြုလုပ်ခဲ့ ပါသည်။

             အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခင်ဒီဇယ် ဓာတ်အားပေးစက်များ၊ အသေးစားရေအားလျှပ်စစ်စက်များဖြင့် အချိန်ပိုင်းမျှသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည့် စံငေါကျေးရွာအုပ်စုအား ယခုအခါ နိုင်ငံတော် ဓာတ်အား စနစ်မှ (၂၄) နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ ယခုလို(၂၄)နာရီ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ဖို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ၃၃ကေဗွီ ဓာတ်အားလိုင် (၁၃.၅)မိုင် နှင့် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အား ခွဲရုံ တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်တွင် ငွေကျပ်သန်း (၁၀၅၀.၉၉၉) ကျပ် အကုန်အကျခံကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် မတ်လအထိ စုစုပေါင်း အိမ်ထောင်စုဦးရေ၏ (၂၅.၄) ရာခိုင်နှုန်းသာ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် လက်ရှိအချိန်၌ ရှမ်းပြည်နယ်တောင်းပိုင်တွင် (၆၁.၇၀)%၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် (၄၅.၆၉)% နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် (၁၇.၃၅)% စုစုပေါင်း ရှမ်းပြည်နယ်တစ်ခုလုံး၏ (၄၇.၆၆) % အထိ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းနှင့် မိုင်းပျဉ်းမြို့နှင့် ကျိုင်းတုံမြို့တို့တွင် ၂၃၀ ကေဗွီ ပင်မဓာတ်အား ခွဲရုံကြီး အသစ်များ တည်ဆောက်ခြင်း အပြင် နမ့်စန်မြို့၌ မူလရှိပြီးသား ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံကို ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ အဖြစ်သို့ အဆင့်မြင့်တင် တိုးချဲ့တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီးဖြစ် ကြောင်း ပြောကြားခဲ့သည်။

             ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်က  အမှာစကားပြောကြားပြီး ဒေသခံတိုင်းရင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

             ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓာတ်အား ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

             ရှမ်းပြည်နယ်အတွင်း မြို့/မြို့နယ်ပေါင်း (၈၆)မြို့၊ ကျေးရွာပေါင်း (၁၃၇၈၂) ရွာ နှင့် အိမ်ထောင်စုပေါင်း (၁၁၆၉၅၆၉)စု ရှိသည့်အနက် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ အထိ ကျေးရွာပေါင်း (၄၆၇၂) ရွာနှင့် အိမ်ထောင်စုပေါင်း (၅၅၇၅၆၉) တို့အား နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

Post under by : ဝန်ကြီးရုံး
28-Oct-2020