၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၃ ) ရက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ရေကျော်ဓာတ်အားခွဲရုံ၊ ဝါးနက်ချောင်းဓာတ်အားခွဲရုံနှင့် ထန်းတပင်မြို့နယ်၊ ကျူတောဓာတ်အားခွဲရုံ၊ တက်သစ်ကျွန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲ အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် အဆိုပါ ဓာတ်အားခွဲရုံများ၌ အသီးသီးကျင်းပ ပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဥက္ကဋ္ဌ နှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်ရှိ 33/11 kV, 5 MVA ရေကျော်ဓာတ်အားခွဲရုံသို့ရောက်ရှိကာ ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ မော်ကွန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်ရှိ 33/11 kV, 5 MVA ဝါးနက်ချောင်းဓာတ်အားခွဲရုံသို့ ရောက်ရှိကာ ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ မော်ကွန်း အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းအောင်တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖြန်းပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လှည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထန်းတပင်မြို့နယ်ရှိ 33/11 kV, 5 MVA ကျူတောဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ရန်ပုံငွေ အသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက် ခဲ့သော ဓာတ်အားခွဲရုံ(၁၃)ရုံအနက် မြောက်ပိုင်းခရိုင်အတွင်း တည်ဆောက်ရန်ဖြစ်သည့် ဓာတ်အားခွဲရုံ ( ၆ )ရုံမှ ပြီးစီးခဲ့ပြီးဖြစ်သည့် မှော်ဘီမြို့နယ်ရှိ 33/11 kV, 5 MVA ခွဲရုံများ ဖြစ် သည့် ရေကျော်ဓာတ်အားခွဲရုံနှင့် ဝါးနက်ချောင်းဓာတ်အားခွဲရုံ(၂)ရုံ တို့ကို ဖွင့်လှစ် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုထန်းတပင်မြို့နယ်အတွင်း 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ကျူတော ဓာတ်အားခွဲရုံနှင့် တက်သစ်ကျွန်း ဓာတ်အားခွဲရုံတို့ကို ဖွင့်လှစ်ပေးမှာ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့တွင် 33/11 kV, 5 MVA ဓာတ်အားခွဲရုံ စုစုပေါင်း ( ၄ )ရုံဖွင့်လှစ်ပေးမှာ ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူ များနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် ဓာတ်အားပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများတည်ဆောက်၍ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း (၁၀၈၅)ရွာ မီးလင်းခဲ့၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၂၆၉)ရွာ ထပ်မံ မီးလင်းခဲ့ရာ (၆၄%)ခန့် လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ကျေးရွာပေါင်း(၄၉၆)ရွာ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အတွက် ရာခိုင်နှုန်းအားဖြင့် (၈၄%) အထိ လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် (၃၅၅)ရွာကို လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအားလုံး (၁၀၀%) အထိ လျှပ်စစ် ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သို့ပါ၍ မီးထပ်မံ ရရှိသွားသည့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့ ပိုမိုတိုးတက်တက်လာမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။
ထို့နောက် ကျူတောဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးမော်တို့ က စက်ခလုပ်နှိပ်၍ ဖွင့်လှစ် ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လှည် ကြည့်ရှု့ စစ်ဆေးခဲ့ကြပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထန်းတပင်မြို့နယ်ရှိ 33/11 kV, 5 MVA တက်သစ်ကျွန်းဓာတ်အားခွဲရုံသို့ ရောက်ရှိကာ ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာ မော်ကွန်းအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖြန်းပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လှည်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။