The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ခလုပ်ဓာတ်အားခွဲရုံနှင့် ကော့မှူးမြို့နယ်ရှိ ညောင်ကုန်းဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၄)ရက်

             ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလုပ်ဓာတ်အားခွဲရုံနှင့် ကော့မှူးမြို့နယ်၊ ညောင်ကုန်းဓာတ်အား ခွဲရုံတို့၏ဖွင့်ပွဲ အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၄)ရက်နေ့တွင် အဆိုပါ ဓာတ်အားခွဲရုံများ၌ အသီးသီးကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းမှ ဥက္ကဋ္ဌနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြပါသည်။

             ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တွံတေးမြို့နယ်ရှိ 33/11kV, 5 MVA ခလုပ် ဓာတ်အားခွဲရုံသို့ရောက်ရှိကာ ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ မော်ကွန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖြန်းပေးကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ ပါသည်။

             ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကော့မှူးမြို့နယ်ရှိ 33/11kV, 5 MVA ညောင်ကုန်းဓာတ်အားခွဲရုံဖွင့်ပွဲသို့ ရောက်ရှိပြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေအသုံးပြု၍ ရန်ကုန် တိုင်းဒေသကြီးအတွင်း တည်ဆောက်ခဲ့သော ဓာတ်အားခွဲရုံ(၁၃)ရုံ အနက် တောင်ပိုင်း ခရိုင်အတွင်း တည်ဆောက်ရန်ဖြစ်သော ဓာတ်အားခွဲရုံ (၇)ရုံမှ ပြီးစီးပြီးဓာတ်အားခွဲရုံများ ဖြစ်သည့် တွံတေး မြို့နယ်ရှိ 33/11kV, 5 MVA ခလုပ်ဓာတ်အားခွဲရုံအား ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခု ကော့မှူး မြို့နယ်ရှိ 33/11kV, 5 MVA ညောင်ကုန်း ဓာတ်အားခွဲရုံအား ဖွင့်လှစ်ပေးမှာ ဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး မိမိတို့၏ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှု လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်ဒေသများသို့ လျှပ်စစ် ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း(၁၀၈၅)ရွာမီးလင်းခဲ့၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၂၆၉)ရွာ ထပ်မံမီးလင်းခဲ့ရာ (၆၄%)ခန့် လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ ပေါင်း (၄၉၆)ရွာ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ် ဆောင်ရွက်လျက်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၈၄%)အထိ လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင် ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျန်ရှိသည့် (၃၅၅)ရွာကို လျှပ်စစ် ဓာတ်အား ရရှိရေးဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး (၁၀၀%)အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျှက်ရှိကြောင်း၊ မီးထပ်မံရရှိသွားသည့် ပြည်သူများ အနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသွားပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးဇော်မင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ထို့နောက် ညောင်ကုန်းဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာမော်ကွန်းအား ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးဇော်မင်းအောင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖြန်းပေးကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
04-Nov-2020