The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (  ၂၁  ) ရက်

          နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်များ မောင်းနှင်နေမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေတို့ကို စစ်ဆေး နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်း မြေအောက်ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ အထက် ပေါင်းလောင်း၊ ပေါင်းလောင်း မြေအောက်ဓာတ်အားပေးစက်ရုံနှင့် နန်ချို ရေအားလျှပ်စစ်စက်ရုံတို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုအခြေအနေနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ပါသည်။ အဆိုပါတင်ပြမှုအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်မှာကြားရာတွင် လာမည့် နွေရာသီ ကာလတွင် ယခုနှစ်နွေရာသီကာလကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ပြည့်မီအောင် ထုတ်လုပ်ပေး နိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံများအား ကြံ့ခိုင်မှုရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ကြရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ယခု COVID-19 ကာလတွင် ပြည်သူလူထုအနေဖြင့် Stay at home ကာလဖြစ်သည့်အလျောက် ကန့်သတ်ချက်များနှင့်အညီ အိမ်တွင်း၌ နေထိုင်နေရသည့်အတွက် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ်ပေးနိုင်ခဲ့သောကြောင့် များစွာ အထောက်အကူဖြစ်ခဲ့သဖြင့် ဆက်လက်၍ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ၏အိမ်သုံး အမျိုးအစား ဓာတ်အားသုံးစွဲမှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဒီဇင်ဘာလ အထိ ယူနစ်(၁၅၀)အတွက် ငွေကျပ် ၁၁,၅၅၀/- နှင့် မီတာဝန်ဆောင်ခကိုလည်း ကင်းလွတ်ခွင့် အခမဲ့ခံစားခွင့်ပြုခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှာ တစ်ရက်လျှင် (၁၀)ရွာနှုန်းခန့်ဖြင့် ပြီးစီးလျက်ရှိနေသဖြင့် မိမိတို့၏ရည်မှန်းချက် ဖြစ်သော ၂၀၂၀-၂၀၂၁ ခုနှစ်တွင် Electrification Ratio ၅၅ % သည် ယခုအခါ ကျော်လွန်ကာ  ၅၆.၆၈ % ခန့်ရောက်ရှိနေပြီဖြစ်သောကြောင့် အဆိုပါကျေးရွာများအား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအတိုင်း ထုတ်လုပ်ရန် နှင့် ဓာတ်အားထုတ်လုပ်သည့်စက်ရုံများမှ National Control Centre (NCC) ၏ ကွပ်ကဲမှုအတိုင်း ထိန်းညှိမောင်းနှင်ကြရန် လိုအပ်ကြောင်း၊ ထိုကျေးရွာများမှာ ယခုအချိန်မှသာစတင်၍ လျှပ်စစ် ဓာတ်အား တိုးတက်ရရှိသုံးစွဲလာသည့်အတွက် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်သူ လူထုသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်သွားရန်၊ တိုးတက်ထုတ်လုပ်လာသော လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်ရာတွင်လည်း ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား လေလွင့်ဆုံးရှုံးမှု လျှော့ချရေးတို့ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခင် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ် ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ထုတ်လုပ်ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၂၈)ရုံမှ စက်တပ်ဆင် အင်အား ၃၂၂၅ မဂ္ဂါဝပ်ဖြင့် နေ့စဉ်ပျမ်းမျှ  ၂၆၀၀ မဂ္ဂါဝပ်နာရီ (၃၆%)ခန့် ထုတ်လုပ် ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် ထပ်မံတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း(၄)ခုကို  ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အထက်ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်း(၅၁ မဂ္ဂါဝပ်)ကို ၂၀၂၁-၂၀၂၂ တွင်လည်းကောင်း၊ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း (၂၈၀ မဂ္ဂါဝပ်) ကို ၂၀၂၂-၂၀၂၃ တွင်လည်းကောင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း (၁၅၂ မဂ္ဂါဝပ်) ကို ၂၀၂၄-၂၀၂၅ တွင်လည်းကောင်း၊ သူဌေး ရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်) ကို ၂၀၂၅-၂၀၂၆ တွင်လည်းကောင်း အသီးသီး အချိန်မီထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆက်လက်ပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများအား ဆောင်ရွက်လျက် ရှိရာတွင် ရေအားစွမ်းအင်အရင်းအမြစ် ရရှိနိုင်မှုပေါ်မူတည်၍ တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် အကြီးစား/အလတ်စား/အသေးစား စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်အနက် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း အထက်နမ့်ထွမ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၃.၂ မဂ္ဂါဝပ်) ကို တည်ဆောက်ပေးခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်း မြို့နယ်အတွင်း နမ့်ပငရေအားလျှပ်စစ်စီမံကိန်း (၆ မဂ္ဂါဝပ်) ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်အပြင် ဝန်ကြီးဌာနအနေဖြင့် ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း (၆၀ မဂ္ဂါဝပ်)ကို သြစတြီးယားသမ္မတနိုင်ငံ၊ ANDRITZ Hydro GmbH Co.Ltd နှင့် ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်း (၆၇၁ မဂ္ဂါဝပ်) ကိုလည်း ပြင်သစ်နိုင်ငံ EDF Co.,Ltd သို့ Notice to Proceed (NTP) လက်မှတ်ရေးထိုးခဲ့ပြီး JV/BOT စနစ်ဖြင့်လည်းကောင်း၊ အလယ်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း (၇၃၅ မဂ္ဂါဝပ်)ကို JV/BOT စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံ၊ SN Power Co., Ltd. တို့ဖြင့် လည်းကောင်း အသီးသီး ဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ၎င်းအပြင် တစ်ဖက်တွင်လည်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၂၉) ရုံ တို့မှ ၁၀၃၀ မဂ္ဂါဝပ်အား လာမည့်နွေရာသီအမီ ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ မကြာမီကာလတွင် ရေအားလျှပ်စစ်စက်ရုံများတွင် Floating Solar Power Plant များ တည်ဆောက်၍ Hydro –Solar Hybrid စနစ်ဖြင့် ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်၍ လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအား လျှပ်စစ် စက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံများ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး စက်ရုံ များ၊ LNG သုံးစက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းများကို Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေး စက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးနေမှုအခြေအနေ၊ ရေလှောင်တမံအတွင်း ရေ ဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် Floating Solar Power Plant တည်ဆောက်ရန် နေရာလျာထား ထားရှိမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
21-Nov-2020