၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၃)ရက်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ သမန်းတောမြောက်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါကျေးရွာမီးလင်းရေးအောင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သမန်းတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးပေါစံ၊ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးဖိုးဘ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကားများ ပြောကြား ကြပြီး၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
သမန်းတောမြောက်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၆၇၀၀)ပေ ကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက် ခဲ့ကာ၊ သမန်းတောမြောက် ကျေးရွာအတွက်(၁၁) ကေဗွီ ဓာတ်အားလိုင်း(၀.၆)မိုင်နှင့် (၁၁/၀.၄) ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ NEP စီမံကိန်းဖြင့် မကွေးမြို့နယ်၏ (၂၈)ရွာမြောက် မီးလင်းသည့် ကျေးရွာဖြစ်ပြီး သမန်းတောမြောက် ကျေးရွာရှိ အိမ်ခြေ(၃၅၀)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။