The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ ညောင်လန်းကုန်းဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ( ၂၀ )  ရက်

             ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ညောင်လန်းကုန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြပါသည်။

             ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များသည် သုံးခွမြို့နယ်ရှိ 33/11 kV, 5 MVA ညောင်လန်းကုန်းဓာတ်အားခွဲရုံဖွင့်ပွဲသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေ အသုံးပြု၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီးစီးခဲ့သော ဓာတ်အားခွဲရုံသစ် (၁၃)ရုံရှိရာ တောင်ပိုင်းခရိုင်အတွင်း ဓာတ်အားခွဲရုံ (၅)ရုံနှင့် မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားခွဲရုံ(၆)ရုံ၊ ဓာတ်အားခွဲရုံသစ် စုစုပေါင်း (၁၁)ရုံကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် သုံးခွမြို့နယ်ရှိ 33/11 kV, 5 MVA  ညောင်လန်းကုန်းဓာတ်အားခွဲရုံအား ဖွင့်လှစ်ပေးမည်ဖြစ်၍ ယနေ့ထိ ဓာတ်အားခွဲရုံသစ် စုစုပေါင်း (၁၂)ရုံကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံနှင့်အဝှမ်းမြို့ပြ ကျေးလက်ဒေသမကျန် လမ်းပန်းဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိစေရေးတို့အား အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံအတွင်း မြို့ပြနှင့် ကျေးလက် ဒေသတို့၏ ကွာဟမှုကို လည်း တတ်နိုင်သမျှ နည်းပါးအောင် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူ များနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အား ပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများတည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေး အတွက် ရည်မှန်းချက်များ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် ကျေးရွာစုစုပေါင်း (၂,၂၀၅) ရွာရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ အားလုံး (၁၀၀)ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တောင်ပိုင်း ခရိုင်၊ သုံးခွမြို့နယ်တွင် 33/11 kV,    5 MVA ညောင်လန်းကုန်းဓာတ်အားခွဲရုံ (၁) ရုံအပါအဝင် ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁)လိုင်း (၀.၀၂) မိုင်၊ ၁၁ ကေဗွီ ပင်မဓာတ်အားလိုင်း(၃)လိုင်း (၂၇)မိုင်၊ ဓာတ်အား ဖြန့်ဖြူးရေး ထရန်စဖော်မာ(၇)လုံးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ကျပ်(၁,၅၇၁.၁၆၂) သန်း အသုံးပြုပြီး တိုးချဲ့တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို တိုးချဲ့ တည်ဆောက်ပေးနိုင်ခဲ့သဖြင့် သုံးခွမြို့နယ်အတွင်း ကျေးရွာပေါင်း(၇)ရွာ၊ အိမ်ထောင်စုပေါင်း (၁,၉၀၀) စု ထပ်မံဓာတ်အားရရှိမှာဖြစ်ကြောင်း၊ ထို့အပြင် ထပ်မံပြီး သုံးခွမြို့နယ်အတွင်းမှာ ရန်ကုန် တိုင်း ဒေသကြီးအစိုးရ ရန်ပုံငွေ ကျပ်(၂,၁၉၆.၀၄၆)သန်း အသုံးပြု၍ ၁၁ ကေဗွီဓာတ်အားလိုင်းခွဲများ စုစုပေါင်း(၂၇)မိုင် ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာ(၃၄)လုံး၊ ၄၀၀ ဗို့ ဓာတ်အားဖြန့်ဖြူးရေး လိုင်း (၄၇.၂) မိုင်တို့အား တိုးချဲ့ တည်ဆောက်ပြီး ညောင်လန်းကုန်းဓာတ်အားခွဲရုံပေါ်မှ နောက်ထပ် ကျေးရွာ ပေါင်း (၃၄)ရွာ၊ အိမ်ထောင်စုပေါင်း(၄,၄၉၀)စု ထပ်မံဓာတ်အားရရှိလာမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ဒီဇင်ဘာလကုန်မှာ သုံးခွမြို့နယ်တစ်ခုလုံး၊ ရာခိုင်နှုန်းပြည့်လျှပ်စစ် ဓာတ်အား ရရှိသုံးစွဲလာနိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုး တိုးတက်စေဖို့အတွက် အခြေခံအကျဆုံးမှာ လျှပ်စစ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေနဲ့ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည်နှင့် အမျှ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်၍ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်းမရှိသေးသည့် ဒေသများ ကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံ မိဘပြည်သူ များအနေဖြင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ ရေရှည်ကောင်းမွန်ပြီး မပျက်စီးအောင် ဝိုင်းဝန်းကူညီ စောင့်ရှောက် ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းကြောင်းပြောကြားသွားပါသည်။   ထို့နောက် သုံးခွမြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးမျိုးဆွေက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။

             ထို့နောက် ညောင်လန်းကုန်းဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးမျိုးဆွေတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးကာ ခွဲရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
22-Dec-2020