၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ( ၁၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဉီးဆောင်ညွှန်ကြားရေးမှူးများ၊ စီမံရေးနှင့် ဘဏ္ဍာရေးဌာနများမှ ညွှန်ကြားရေးမှူးများ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေသုံးစွဲခြင်းဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၄၄)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ဒုတိယဝန်ကြီး(စွမ်းအင်)က ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများအနေဖြင့် လုပ်ငန်း/စီမံကိန်းများအတွက် ဘက်ဂျက်ရေးဆွဲရာတွင် ဆောင်ရွက်လိုသော လုပ်ငန်းတစ်ခုချင်းအလိုက် အမှန်ကျခံသုံးစွဲမည့် ပမာဏနှင့် အနီးစပ်ဆုံး ခန့်မှန်းပြုစုနိုင်ရေး၊ ဘက်ဂျက်လျာထားစီမံခန့်ခွဲမှု စနစ်တကျရှိစေရေး၊ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် အတွက် တင်ဒါခေါ်ယူရေးလုပ်ငန်းစဉ်များ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများကို သတ်မှတ်ထားသောအမိန့်/ညွှန်ကြားချက်များ အတိုင်း အတိအကျ လိုက်နာဆောင်ရွက်ရေး၊ ပစ္စည်းတင်ပို့မှု၊ ရောက်ရှိမှုနှင့် လုပ်ငန်းများ သတ်မှတ်ချိန်အမီ ပြီးစီးနိုင်ရေး၊ ဘတ်ဂျက်ခွင့်ပြုငွေများကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရရှိထားသော ဘတ်ဂျက်များကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ် ထိန်းချုပ်သည့်ကာလ ဖြစ်သည့်အတွက် မိမိတို့လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ဌာနကအကြီးအကဲ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ ဝန်ထမ်းအားလုံးက အလေးထားဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ဉီးစီးဌာနလုပ်ငန်းများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ဆိုခဲ့မှု အခြေအနေ၊ performance base ငွေပေးချေရေးဆောင်ရွက်မှုများ၊ ပစ္စည်းများအချိန်မီ ရောက်ရှိရေး ဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်၏ ရငွေများကောက်ခံရရှိမှု အခြေအနေ၊ မူလခန့်မှန်းခြေစာရင်းအရ ခွင့်ပြုဘဏ္ဍာငွေအပေါ် ပထမ(၃)လပတ်အတွင်း သုံးစွဲနိုင်မှု အခြေ အနေ၊ လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လက်ကျန်အခြေအနေ များကို လုပ်ငန်းတစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးခဲ့ပါသည်။