၂၀၂၁ ခုနှစ်၊ ဧပြီလ ( ၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး သည် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ ဌာနများမှ ဌာနအကြီးအကဲ များနှင့်တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ထောက်ရှာပင်/ကမ်းနီရေနံမြေ၊ မန်းရေနံမြေနှင့် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ ပြည်တွင်းမှထွက်ရှိသော ရေနံစိမ်း တစ်ရက်လျှင် (၃၀၀,၀၀၀)ဂါလန်ကို အသုံးပြု၍ ချက်လုပ်နေသော ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) သို့ ရောက်ရှိပြီး စက်ရုံဝင်းအတွင်းရှိ Control Room၊ ဓာတ်ခွဲစမ်းသပ်ခန်း၊ လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီနှင့် ရေနံဓာတ်ငွေ့ရည်အဆင့်ဆင့် ထုတ်လုပ်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပါသည်။ ထို့နောက် စက်ရုံအစည်းအဝေး ခန်းမတွင် ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) အတွက် လိုအပ်သော ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ပေးနေသည့် ထောက်ရှာပင်၊ ကမ်းနီရေနံမြေသို့ရောက်ရှိပြီး ရေနံမြေမှထွက်ရှိသည့် ရေနံစိမ်းများကို လက်ခံသိုလှောင်ထားသော သံကန်တန်းများအားလည်းကောင်း၊ ထိုမှတစ်ဆင့် မန်းရေနံမြေသို့ရောက်ရှိပြီး ရေနံစိမ်းထုတ်လုပ် နေသော မန်းရေနံမြေရှိ Pumping Unit များအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထောက်ရှာပင်၊ ကမ်းနီရေနံမြေနှင့် မန်းရေနံမြေမှ ဝန်ထမ်းများအား ရေနံမြေအစည်းဝေးခန်းမတွင်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများအား လည်းကောင်း သီးခြားစီ တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းများအား အမှာစကားပြောကြားရာတွင် နိုင်ငံတော် အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန်နှင့် စက်သုံးဆီမပြတ်တောက်စေရေးသည် မိမိတို့ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်)အနေဖြင့် ၂၅-၃-၂၀၂၁ ရက်နေ့တွင် စက်ရုံ၏ အဓိကထုတ်ကုန် ဖြစ်သော လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ပုံမှန်အတိုင်း ပြန်လည်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ကူညီပံ့ပိုးပေးခဲ့သော ဦးဆောင် ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့်တကွ အရာထမ်း၊ အမှုထမ်းများအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ စက်ရုံပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရေနံမြေများအနေဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့များ ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေး နှင့် ရေနံချက်စက်ရုံအတွက် လိုအပ်သော ရေနံစိမ်းများ ရှာဖွေ ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော် ထုတ်လုပ်သွားရန်ဖြစ်ကြောင်း၊ ရေနံမြေနှင့်ရေနံချက် စက်ရုံများသည် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နှင့် စက်မောင်းဆီများကို ကိုင်တွယ်လုပ်ကိုင် နေရခြင်းကြောင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် လုံခြုံရေးတို့ကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြရာတွင် သတ်မှတ်ထား သော Standard Operation Procedure (SOP)၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ဉပဒေ၊ နည်းဉပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အသုံးစရိတ်ဘတ်ဂျက်ခွင့်ပြုငွေ များ ရရှိထားပြီးဖြစ်သဖြင့် လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင် သက်ဆိုင်ရာဌာန အကြီးအကဲများက တွန်းအားပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုမရှိစေရေး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်း များအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ကြရန်နှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အနာဂတ်ကာလတွင် မိမိတို့ နိုင်ငံသားများ အလုပ်အကိုင်ရရှိရေးအတွက် စက်ရုံ၊ အလုပ်ရုံအသစ်များ တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် အဆိုပါ စက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ရည်မှန်းဆောင်ရွက်ထားရန် လိုကြောင်း၊ ပြည်သူများ လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းသုံးနှင့် အိမ်သုံးမီတာ လျှောက်ထားမှု များအား မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် အရန်မီတာများထားရှိနိုင်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်း ဉပဒေ၊ နည်းဉပဒေနှင့်စည်းမျဉ်း စည်းကမ်း များကို တိကျစွာ လေးစားလိုက်နာကြရန်နှင့် ပြည်သူများမှ လေးစားအားထားရသော နိုင်ငံ့ ဝန်ထမ်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ စက်ရုံမှူးနှင့် ဝန်ထမ်းများ၊ လုံခြုံရေး ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးခဲ့သော ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးမှ အရာရှိစစ်သည်များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။