၂၀၂၁ ခုနှစ်၊ မေလ ( ၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(လျှပ်စစ်ကဏ္ဍ)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယသုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့တို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန၊ လုပ်ငန်းနှင့်ကော်ပိုရေးရှင်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်များ၊ဌာနအကြီးအကဲများ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က အမှာစကားပြောကြားရာတွင် ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် အတွင်း ဆောင်ရွက်ခဲ့သည့် လျှပ်စစ်နှင့်ပတ်သက်သောလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ပြီးလာမည့် တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ သည် အဓိကကျသည့် အခန်းကဏ္ဍဖြစ်သည့်အလျောက် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေရကြောင်း၊ ပြည်သူများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် လုံလောက်ခြင်း၊ ဗို့အားနှင့်ကြိမ်နှုန်း(Frequency) တည်ငြိမ်ပြည့်ဝမှုရှိခြင်း၊ စဉ်ဆက်မပြတ်ပေးနိုင်ခြင်း၊ လျှပ်စစ် အန္တရာယ်အတွက် လုံခြုံစိတ်ချရခြင်းစသည်တို့နှင့် ပြည့်စုံသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်း စေမည့် လုပ်ငန်းစီမံကိန်းများ၊ အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍလိုအပ်ချက်ကို ပြည့်ဝစွာ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ယခုကာလတွင် ပြည်သူလိုအပ်နေသော ဓာတ်အားလိုအပ်ချက် ပြည့်စုံ လုံလောက်အောင် စီစဉ်နေပြီး လာမည့်နှစ်များတွင် လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်များ ကိုလည်း အချိန်မီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တဖက်တွင်လည်း ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်နိုင်ရန်နှင့် ဖြန့်ဖြူးနိုင်ရန်တို့ကိုလည်း ဟန်ချက်ညီညီစီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သဘာဝအရင်းအမြစ်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများနှင့် ပြန်ပြည့်မြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့် အလျောက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးလျက်ရှိရာတွင် ပြီးခဲ့သည့် ကာလ များ၌ အခက်အခဲအမျိုးမျိုးကြောင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဖြန့်ဝေခြင်း၊ မီတာခ ကောက်ခံခြင်းလုပ်ငန်းများတွင် အားနည်းချက်များရှိခဲ့သော်လည်း လျှပ်စစ်မီးမပြတ်တောက် စေရန် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ပြည်သူလူထုမှ အသိအမှတ်ပြုခဲ့ပါကြောင်း၊ ထိုအသိအမှတ် ပြုခဲ့မှုအပေါ် ရပ်တန့်မနေဘဲ ထပ်မံကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မီးသုံးစွဲသူပြည်သူများမှလည်း မိမိတို့ပေးဆောင်ရမည့် ဓာတ်အားခကျသင့်ငွေများကို အမြန်ဆုံး ပေးဆောင်လို၍ ကောက်ခံပေးကြရန် တောင်းဆိုလျက်ရှိသည်ကို ကြားသိနေရသဖြင့် အမြန်ဆုံး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အဆိုပါ ပြည်သူများထံမှ ရရှိလာသည့် မီတာခကောက်ခံ ရရှိငွေများသည် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်း အပါအဝင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော ဘဏ္ဍာငွေအဖြစ် ပေးသွင်းသည့်အပြင် ပြည်သူများ လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိကပိုင် ထုတ်လုပ်နေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဝယ်ယူထားသော လျှပ်စစ်ဓာတ်အားများအတွက် ဓာတ်အားခကျသင့်ငွေများကို ပေးချေရန် အတွက်လည်းကောင်း ပြန်လည်အသုံးပြုရမည်ဖြစ်သဖြင့် ဓာတ်အားခများအား အချိန်မီ ကောက်ခံသွားနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ တဖက်တွင်လည်း နိုင်ငံတော်အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှုကောင်းမွန်ပြီး ပြည်သူလူထု၏ လူမှုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ယခုအခါ လိုအပ်ချက်အရ အသစ်ခန့်အပ်ထားသော ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ပြည်သူကို လေးလေးစားစား ဆက်ဆံတတ်စေရေး၊ ပေးအပ်ထားသော လုပ်ငန်း တာဝန်အပေါ် ကျွမ်းကျင်စွာ ဆောင်ရွက်တတ်စေရေးအတွက် အမြန်ဆုံး လေ့ကျင့်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ထမ်းများ အပါအဝင် ပြည်သူလူထုမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ ယခု တက်ရောက်လာသော တိုင်း ဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စီမံကိန်းညွှန်ကြားရေးမှူးတို့မှ မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးရန်နှင့် ဖြစ်ပေါ် နေသည့်အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မကြာမီ မိုးဦးကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက ဓာတ်အားပြတ်တောက်မှုမဖြစ်စေရေး လိုအပ်သည့် ပြင်ဆင်ရေးအဖွဲ့များကို အသင့်စုဖွဲ့ ထားရှိကာ ကြိုတင်စီမံဆောင်ရွက်သွားရန်နှင့် ပြည်သူလိုလားနေသော လုံခြုံပြီး တည်ငြိမ် ပြည့်ဝ သည့် လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရန် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ အမှုဆောင် အရာရှိချုပ်များ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး စီမံကိန်းညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ တတိယနှင့်စတုတ္ထသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက် မည့် အစီအမံများ၊ မြစ်ရေတင်စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် သုံးစွဲဝန်အား အခြေအနေ တို့အား အသီးသီး ရှင်းတင်ပြကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။