The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားခွဲရုံများအခြေအနေတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊ မေ လ ၁၀ ရက်

               ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား စနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် ဓာတ်အားခွဲရုံများအခြေအနေတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

               အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဇော်ဝင်း၊ အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာန နှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲ များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံတွင် တစ်နိုင်ငံလုံးသန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း (၁၀) သန်းကျော်ရှိသည့် အနက် လျှပ်စစ်မီး အသုံးပြုနေသည့် အိမ်ထောင်စုပေါင်း (၆)သန်းကျော်ရှိလာပြီး ၎င်းမှ ရန်ကုန်တိုင်းဒေသကြီးသည် (၁.၅) သန်းခန့် အသုံးပြုလျက်ရှိသည့်အတွက် စိတ်ချယုံကြည်ရသော အရည်အသွေးပြည့်ဝ၍ ဗို့အား တည်ငြိမ်သော လျှပ်စစ်ဓာတ်အားများကို စဉ်ဆက်မပြတ် တိုးတက်သုံးစွဲနိုင်ရေး အလေးပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ရာတွင် ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း စနစ်တကျ ထိန်းသိမ်း ပြုပြင်ခြင်း များ ဟန်ချက်ညီညီ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဓာတ်အားပျောက်ဆုံးမှု ကျဆင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်သည့်အခါ ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီသို့တင်ပြပြီး ပြည်သူသို့ အသိပေးကာ ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြီးခဲ့သော ကာလများတွင် မိမိတို့ဝန်ထမ်းများ အနေဖြင့် မီးသုံးစွဲသူပြည်သူလူထုအား လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေး ဝိုင်းဝန်း ထိန်းသိမ်း ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူလူထုမှ အသိအမှတ်ပြုခဲ့သဖြင့် ၎င်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး တိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အနီးကပ် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် အတွက် ပြည်သူလူထုအား လေးလေးစားစား ပျူပျူငှာငှာဆက်ဆံပြီး ပြည်သူလူထု၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်များအပေါ် အတက်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်နှင့် ပြည်သူ လူထုအတွက် အရည်အသွေး ပြည့်ဝသည့် လျှပ်စစ် ဓာတ်အားများ ဖြည့်ဖြူးပေးနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပါသည်။

               ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်များ၏ ခရိုင်လျှပ်စစ်မန်နေဂျာများက မိမိတို့ခရိုင် အလိုက် ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ မီးသုံးစွဲသူဦးရေ၊ ဓာတ်အားခကောက်ခံမှုအခြေအနေ၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်းရေးအတွက် တိုးတက်ကောင်းမွန်စေအောင် ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် ဓာတ်အားခွဲရုံများအခြေအနေတို့ကို အသီးသီး ရှင်းလင်း တင်ပြကြပါသည်။

               ဆက်လက်၍ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမှုဆောင်အရာရှိချုပ် က ခရိုင်(၄)ခရိုင်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေ များ အား ရှင်းလင်းတင်ပြပြီး  ခေတ္တဥက္ကဌ ဦးအောင်ကျော်ဦးက ခရိုင်များအလိုက် တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်းများ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြပြီး  ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။

               ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်စေရေးအတွက် ၆၆ ကေဗွီ မှ ၄၀၀ ဗို့အထိ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာ များ မောင်းနှင်ဖြန့်ဖြူးနေမှုများကို အလိုအလျောက် ထိန်းသိမ်းမောင်းနှင် စောင့်ကြည့်နိုင်၍ ဓာတ်အားပြတ်တောက်မှုများရှိခဲ့ပါက ဓာတ်အားပြတ်တောက်ရသည့် အကြောင်းအရင်း၊ တည်နေရာများကို အချိန်နှင့်တစ်ပြေးညီသိရှိပြီး ဓာတ်အားအမြန်ဆုံး ပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်၍ ဓာတ်အားပြတ်တောက်မှု ကြာချိန်ကို လျော့ချပေးနိုင်ခြင်း၊ ဓာတ်အား ပြတ်တောက်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ မီးသုံးစွဲသူများထံသို့ Message ပေးပို့နိုင် ခြင်းတို့အတွက် ဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ဓာတ်အားခွဲရုံ (၁၇)ရုံအတွက် တည်ဆောက်နေသော ဓာတ်အားဖြန့်ဖြူးမှုကွန်ယက်စနစ် SCADA တည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

               ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI မီတာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ‌သော မြို့နယ်(၇)မြို့နယ်၏ ဆောင်ရွက်နိုင်မှုအခြေအနေနှင့် Automatic Billing စနစ်ဖြင့်ဆောင်ရွက်နေသော မြို့နယ်(၂၃)မြို့နယ်တို့၏ ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးမှ စစ်ဆေးတွေ့ရှိချက်များအပေါ် မှာကြားရာတွင် AMI မီတာစနစ်ကို အသုံးပြုခြင်းအားဖြင့် ပြည်သူလူထုအနေဖြင့် BarCode စနစ်ပါရှိသည့်အတွက် ဓာတ်အားခငွေပေးဆောင်ရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုအပ်ခြင်း၊ ဌာနနှင့် မီးသုံးစွဲသူပြည်သူများအတွက် နှစ်ဖက်မြင်စနစ်ဖြင့် ဆောင်ရွက်ထား၍ ပွင့်လင်းမြင်သာမှုရှိခြင်း၊ မီးသုံးစွဲသူများ၏ လက်ကိုင်ဖုန်းတွင် mebill Application ကို ဒေါင်းလုပ် ရယူ၍ လက်ရှိလ၏ Bill မှတ်တမ်းနှင့် ဓာတ်အားခပေးဆောင်ပြီး/မပြီးတို့ကို သိရှိနိုင်ခြင်း၊ တစ်နှစ် အတွက် ဓာတ်အားခကျသင့်ငွေမှတ်တမ်း၊ လက်ရှိအချိန်၌ သုံးစွဲယူနစ်နှင့် ကျသင့်ငွေတို့ကို အချိန်မရွေးကြည့်ရှုနိုင်ခြင်းနှင့် မီးသုံးစွဲသူပြည်သူများအနေဖြင့် မည်သည့် ဘဏ်နှင့်မဆို ချိတ်ဆက်ပြီး Online Payment ပေးဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသည့်အပြင် တစ်ဖက်တွင်လည်း ဓာတ်အားစနစ်လျော့နည်းပျောက်ဆုံးမှု ကျဆင်းသဖြင့် နိုင်ငံတော်၏ ဝင်ငွေ တိုးတက်ရရှိလာသောကြောင့် AMI မီတာစနစ်နှင့် Automatic Billing စနစ်များကို တိုင်းဒေသကြီး တစ်ခုလုံး တပ်ဆင်အသုံးပြုနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူအတွက်ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျောက် ပြည်သူကိုအကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်အောင် ခေတ်မီတိုးတက်သော နည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
11-May-2021