The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊ မေလ ( ၁၆ ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ ၁၅  ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာနမှ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေး စီမံကိန်းညွှန်ကြားရေးမှူးများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဓာတ်အားပေး စက်ရုံမှူးများသည် နေပြည်တော်ရှိ ရုံးအမှတ်(၂၇)မှ တက်ရောက်ခဲ့ကြပြီး ရန်ကုန်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းတို့မှ ခေတ္တဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်များသည် သက်ဆိုင်ရာဒေသမှနေ၍ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက အမှာစကားပြောကြားရာတွင်  ယနေ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လျှပ်စစ်နှင့်ပတ်သက်သော လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ပြီးလာမည့် တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍဖြစ်သည့်အလျောက် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေရကြောင်း၊ ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ကို ပြည့်ဝစွာ ထုတ်လုပ်ပို့လွှတ်/ဖြန့်ဖြူးပေးနိုင်ရန် တက်ညီလက်ညီ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ပြီးခဲ့သောကာလများ၌လည်း မည်သို့သော အခြေအနေဖြစ်နေစေကာမူ ပြည်သူလူထု အတွက် လျှပ်စစ်မီးမပြတ်တောက်စေရေး အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ခြင်းအပေါ် ပြည်သူလူထု မှ အသိအမှတ်ပြုပြီးဖြစ်၍ ၎င်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းပြီး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ယခုကာလတွင် ပြည်သူလိုအပ်နေသော ဓာတ်အား လိုအပ်ချက်ကို ပြည့်စုံလုံလောက်အောင် စီစဉ်နေသကဲ့သို့ လာမည့်နှစ်များတွင် လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်များကိုလည်း အချိန်မီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေး နိုင်ရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လုပ်ပြီး လုံခြုံစိတ်ချ၍ တည်ငြိမ်သော လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံးစက်ရုံ၊ LNG သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများစသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးမှ Generation Mix တွင် အရင်းအမြစ်မျိုးစုံ ပါဝင်ထုတ်လုပ်နိုင်ရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ နှစ်စဉ်ထပ်မံလိုအပ်လာမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သဘာဝအရင်းအမြစ်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေမည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများနှင့် ပြန်ပြည့်မြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများတို့မှ အသီးသီး ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အား ထုတ်လုပ်မှု အပိုင်းတွင် မည်သို့ပင် ထုတ်လုပ်နိုင်စေကာမူ သုံးစွဲသူထံရောက်ရှိအောင် ပို့လွှတ်ရသည့် ဓာတ်အားပို့လွှတ်ရေးအပိုင်းသည်လည်း အရေးကြီးသည့်အတွက် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား များအား ပြည်သူလူထုထံသို့ ဓာတ်အားပျောက်ဆုံးမှုအနည်းဆုံး (Losses)ဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေး စီမံချက်များအတိုင်း ဟန်ချက်ညီညီ အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုးတက်ထုတ်လုပ်လာသော လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်ရာတွင်လည်း ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများအတိုင်း သုံးစွဲသူပြည်သူများထံသို့ ရောက်ရှိအောင် ပို့လွှတ်သည့် ဓာတ်အားလိုင်းများကြံ့ခိုင်မှုရှိစေရေး၊ ဓာတ်အားစနစ် တည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားလေလွှင့်ဆုံးရှုံးမှု လျှော့ချရေးတို့အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဓာတ်အား ပေးစက်ရုံအသီးသီးရှိ စက်များရေရှည်ကောင်းမွန်စွာ မောင်းနှင်ဓာတ်အားထုတ်လုပ်နိုင်ရန်၊ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးကို စနစ်တကျ စီမံ ဆောင်ရွက် ထားရှိရန်လည်း လိုအပ်ပါကြောင်း၊ မကြာမီမိုးဦးကျကာလ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဓာတ်အားလိုင်းများတစ်လျှောက် ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများအား စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် ထိုသို့ ဆောင်ရွက်ရာ တွင်လည်း ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက ပြည်သူသို့အသိပေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံ တင်ပြ၍ ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်နှင့်အညီ စီမံဆောင်ရွက်လျက်ရှိသော စီမံကိန်းများအပြင် နှစ်စဉ်တိုးတက်သုံးစွဲနေ သော လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။  

          ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနကြီးမှူးများ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ စီမံကိန်းညွှန်ကြားရေးမှူးများ၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဓာတ်အားပေးစက်ရုံမှူးများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ်အတွင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်  တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများ၏ အစီအစဉ်များအား အသီးသီး ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးသန့်စင် က တင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
16-May-2021