လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း
နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ မေလ ( ၂၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတို့သို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့သို့ ရောက်ရှိရာ စက်ရုံမှူးများက နှစ်အလိုက် ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် ဓာတ်အားထုတ်လုပ်မှုအခြေအနေ၊ ဓာတ်အားပေးစက်ကြီးများအား ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်များ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် စက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်နှင့် ပြည်သူများအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို လုံလောက်စွာထုတ်လုပ်ပေးနိုင်ရန် လုပ်ငန်း ကျွမ်းကျင်မှုကိုအခြေခံ၍ စေတနာထားပြီး ကျရာတာဝန်ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့်အတွက် စက်ရုံရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် ဓာတ်အားပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ စက်ရုံဝန်ထမ်းမိသားစုများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဓာတ်အားပေးစက်ရုံများအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းများနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားမောင်းနှင် ထုတ်လုပ်နေမှုအခြေအနေနှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလယ်ပေါင်းလောင်းရေအား လျှပ်စစ်စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်၌ တည်ဆောက်ရေး ညွှန်ကြားရေးမှူး ဦးဇော်မင်းစံနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်တို့က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံများနှင့် ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ရရှိ/သုံးစွဲမှု အခြေအနေများအား လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်လျှပ်စစ်အင်ဂျင်နီယာ အင်ဂျင် နီယာချုပ် ဦးသူရအောင်ဘိုက နေပြည်တော်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု နှင့် ကျေးရွာမီးလင်းရေးဆောင်ရွက်နေမှုအခြေအနေတို့အားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်မှာကြားရာတွင် စီမံကိန်းလုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီပြီး သတ်မှတ် အချိန်ဘတ်ဂျက်ကာလအတွင်း ရန်ပုံငွေရရှိမှုအလိုက် ပြီးစီးအောင် ဆောင်ရွက် သွားရန်၊ ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် အလေးထားဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေး၊ စီမံကိန်းတွင်တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား သတ်မှတ်အရည် အသွေးပြည့်ဝအောင် စနစ်တကျအသုံးပြုသွားရန်နှင့် စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုစစ်ဆေး ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စီမံကိန်းဧရိယာအတွင်း ပင်မတမံ တည်ဆောက် နေမှုအခြေအနေ၊ ရေလွှဲစနစ်လုပ်ငန်းဆောင်ရွက်နမှုအခြေအနေနှင့် ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် မြေကြီး/ကျောက်သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသည် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် RCC ကွန်ကရစ် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၇၆)မဂ္ဂါဝပ်ရှိ စက်နှစ်လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား(၁၅၂)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တပ်ဆင်တည် ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၃၀.၄ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။