The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ မေလ ( ၃၀ )ရက်        

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၃၁)မိုင်အကွာ ရဲရမန်း ကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ၂၃၀ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံ နှင့် ၂၃၀ကေဗွီ အောင်ပင်လယ် ပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေမှူး ဦးသန်းနိုင်ဦးနှင့် စက်ရုံမှူးတို့က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားထုတ်လုပ်မောင်းနှင်နေမှုအခြေအနေ၊ ဓာတ်အားပေးစက်ကြီးများအား ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင် ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် ယခုလိုနွေရာသီကာလ၌ ပြည်သူများလိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်အတွက် ဆောင်ရွက်ရာတွင် ယခင် မိုးရာသီတွင် စုဆောင်းထားရှိခဲ့သည့် ရေများကို အကျိုးရှိစွာ အသုံးပြု၍ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် စက်များ၏ကြံ့ခိုင်ရေး ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းများကို စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများအတွင်း ဓာတ်အားပေး စက်များမောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ဖြန့်ဖြူး ပေးနေမှုအခြေအနေနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

               ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၃၁)မိုင်အကွာ ရဲရမန်းကျေးရွာအနီး မြစ်ငယ် မြစ်ပေါ်တွင်တည်ရှိကာ ၁၉၇.၅ မဂ္ဂါဝပ်ရှိသော ဖရန်စစ်(ဒေါင်လိုက်) တာဘိုင်အမျိုးအစား စက်(၄)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင် အင်အား ၇၉၀ မဂ္ဂါဝပ်ထွက်ရှိပြီး ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၃၅၅၀ ကီလိုဝပ်နာရီ သန်းပေါင်းထုတ်လုပ်နိုင်ပြီး   ၂၀၀၁ ခုနှစ်တွင် စတင် တည်ဆောက်၍ ၂၀၁၀ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ရဲရွာ-ဘဲလင်း ဓာတ်အားလိုင်း (၂)လိုင်းနှင့်၂၃၀ ကေဗွီ ရဲရွာ-မိတ္ထီလာ ဓာတ်အားလိုင်း (၂)လိုင်း တို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူး ပေးလျက်ရှိပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံများသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးများက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဓာတ်အားခွဲရုံ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စု ဝန်ကြီးက ဓာတ်အားမပြတ်တောက်စေရေးနှင့် မကြာမီမိုးဦးကျကာလ ရောက်ရှိတော့မည်ဖြစ်၍  ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အားလိုင်းများပေါ်၌ သစ်ပင် သစ်ကိုင်းများကို ခုတ်ထွင်းရှင်းလင်းထားရန် လိုအပ်ကြောင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓာတ်အားဖြတ်တောက်ရသည့်အခါတွင်လည်း အချိန်အနည်းဆုံးဖြစ်အောင် နှင့် ပြည်သူသို့ ကြိုတင်အသိပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့အား  လမ်းညွန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများ အတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
30-May-2021