The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊   မေလ  (  ၃၁ ) ရက်

               မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန် စေရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာများ၊  ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယစစ်ဆေးရေး အရာရှိချုပ်(အထက်မြန်မာပြည်)နှင့် တာဝန်ရှိသူများမှ အသီးသီး တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လက်ရှိကာလတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၃၈၉၁ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိသည့် အနက် မန္တလေးတိုင်းဒေသကြီးသည် အမြင့်ဆုံးဓာတ်အား ၇၂၆ မဂ္ဂါဝပ်ခန့်ကို သုံးစွဲလျက်ရှိသည့် အတွက် နိုင်ငံ၏ဒုတိယအများဆုံး သုံးစွဲနေသော စီးပွားရေးမြို့တော်ဖြစ်ပါကြောင်း ၊ သို့ဖြစ်ပါ၍ ဖြန့်ဖြူးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကိုလည်း စိတ်ချယုံကြည်ရသော အရည်အသွေး ပြည့်ဝပြီး ဗို့အားတည်ငြိမ်သော လျှပ်စစ်ဓာတ်အားများကို စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝပြီး ဝန်ဆောင်မှုကောင်းသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက် ရာတွင် ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ် သလို တည်ဆောက်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကိုလည်း စနစ်တကျ ထိန်းသိမ်း ပြုပြင်ခြင်းများကိုလည်း ဟန်ချက်ညီညီ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ၎င်းအပြင် ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းစေရေးတို့ကိုလည်း အလေး အနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မကြာမီမိုးဦးကျကာလသို့ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဓာတ်အားလိုင်းများတစ်လျှောက် ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်နှင့် လိုအပ်သောနေရာ များတွင် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ၊ ၎င်းအပြင် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားခ ကောက်ခံခြင်းများကိုလည်း အမြန်ကောက်ခံရရှိနိုင်ရန် မြို့နယ်/ခရိုင်/ပြည်နယ်/တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးများ၊ ဘဏ္ဍာရေးတာဝန်ခံများမှ အနီးကပ်ကြပ်မတ်၍ ကြွေးကျန် မရှိစေရေး ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ်ဝေခြင်းကိစ္စရပ်များကိုလည်း  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ၄င်းအပြင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေသော ဌာနဖြစ်သည့်အလျှောက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ မိမိတို့ဒေသရှိ ပြည်သူလူထုနှင့် အနီးကပ်ထိတွေ့ပြီး ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ၊ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အားလျော်စွာ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာ၍ မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အဂတိတရား ကင်းရှင်းစွာ တာဝန်ယူမှု တာဝန်ခံမှု အပြည့် ဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူကို လေးလေးစားစား ဆက်ဆံရန်နှင့် ပြည်သူလူထု၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့အား မှာကြား ခဲ့ပါသည်။  

               ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေ ၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ အား လည်းကောင်း၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယစစ်ဆေးရေး အရာရှိချုပ် (အထက်မြန်မာပြည်) က  မြန်မာပြည်အထက်ပိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များအား ကြီးကြပ်စစ်ဆေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်ကန် များ၏ သိုလှောင်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား လည်းကောင်း၊ မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်နှင့် ခေတ္တဥက္ကဋ္ဌတို့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများအခြေအနေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်မှုအခြေအနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြ ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ပေါ်ရှိ ၂၃၀ကေဗွီ မြောက်ပြင် ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံတို့သို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး များက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အားပေးနေမှု အခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး တို့အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ပစ္စည်းများအား စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ဓာတ်အားခွဲရုံ ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေး အထူးဂရုပြုရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများအတွင်းရှိ ဓာတ်အား ထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
31-May-2021