The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် သပြေဝပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဇွန်လ ( ၁၈ )ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ တင်ဒါခေါ်ယူ ဆောင်ရွက်ထား သည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း (၂၉)ခုမှ စုစုပေါင်း (၁၀၃၀) မဂ္ဂါဝပ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း(၂၉)ခု အနက်မှ မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် သပြေဝနေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် သပြေဝပင်မ ဓာတ်အားခွဲရုံတို့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေမှူး ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူတို့က စီမံကိန်း ဆိုင်ရာအချက်အလက်များ၊ မြို့ပြပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ Solar Panel များ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် သပြေဝဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်နိုင်ရန် ဓာတ်အားလိုင်းများ တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်သူများလို လားနေသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည့်အတွက်  အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေး၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိ သုံးစွဲနိုင်စေရေးအတွက် ဆောလျင်စွာ ပြီးစီးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် (၃၀)မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်ပြီး ယခုအခါ စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် (၇၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၁ခုနှစ် သြဂုတ်လတွင် ပထမအဆင့်အနေဖြင့် ၁၂ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပါက ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အားများကို  33 KV Double Circuit Overhead Line ဖြင့် သပြေဝပင်မ ဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူး ပေးသွားမည် ဖြစ်ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ သပြေဝပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အား ခွဲရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားမပြတ် တောက်စေရေးနှင့် မိုးဦး ကာလရောက်ရှိနေပြီဖြစ်၍ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဓာတ်အား လိုင်းများပေါ်၌ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓာတ်အား ဖြတ်တောက်ရသည့်အခါတွင်လည်း အချိန်အနည်းဆုံး ဖြစ်အောင်နှင့် ပြည်သူသို့ ကြိုတင်အသိပေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်မှာ ပြည်သူများကို စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေးဖြစ်သဖြင့် မိမိတို့ ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှ မိမိတို့၏တာဝန်ကို ကျေပွန်စွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေစွာ တာဝန် ထမ်းဆောင် ကြရန် လိုအပ််ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အား ထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့ကို  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
18-Jun-2021