၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၊ သီလဝါဓာတ်အားပေးစက်ရုံနှင့် ၂၃၀ ကေဗွီ သီလဝါဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံဝင်းအတွင်းရှိ စက်ဆီ/ချောဆီရောစပ်စက်ရုံ သို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့်တာဝန်ရှိသူများက စက်ရုံပြုပြင်ခြင်း၊ စက်ပစ္စည်း အသစ်လဲလှယ်ခြင်းနှင့် Facilities များပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်ဆီ/ချောဆီများ ပြည်ပ မှ တင်သွင်းရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို တစ်စိတ်တစ်ပိုင်းလျော့ချပြီး ပြည်တွင်းတွင် ထုတ်လုပ် နိုင်ရေးအတွက် စက်ရုံပြင်ဆင် ပြုပြင်ခြင်း လုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်ကာ လည်ပတ် သွားနိုင်ရေး ဆောင်ရွက်သွားရန်နှင့် စက်ရုံ/အလုပ်ရုံ၊ ယာဉ်ယန္တရားများအတွက် လိုအပ်သော စက်ဆီ/ချောဆီများအား အမြန်ဆုံးထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး စက်ဆီ/ချောဆီ စက်ရုံအတွင်း ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး ခဲပါသည်။
အဆိုပါ စက်ဆီ/ချောဆီစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် အမှတ်(၁) ရေနံချက်စက်ရုံဝင်းအတွင်း တည်ရှိပြီးပြည်ပမှ တင်သွင်းသည့် Lube Base Oil နှင့် Additives တို့ကို လိုအပ်သည့်စက်ဆီ/ချောဆီအမျိုးအစားရရှိရန် ရောစပ်ခြင်း (Blending)ဖြစ်ပြီး စက်ဆီ/ချောဆီ အမျိုးအစား (၂၈)မျိုးအား ရောစပ်ပေးနိုင်ကာစက်ရုံ၏ မူလစက်စွမ်းအားမှာ တစ်နှစ်လျှင် စက်ဆီ/ ချောဆီတန်ချိန် ၂၅၀၀၀ ရောစပ်ပေးနိုင်ခဲ့ပြီး စက်စတင်လည်ပတ်သည်မှ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံများ၊ အလုပ်ရုံများအတွက် လည်းကောင်း စက်ယန္တရားများနှင့် မြန်မာ့မီးရထားလုပ်ငန်းတို့အတွက် လိုအပ်သော စက်ဆီ/ချောဆီများအား ရောစပ် ဖြန့်ဖြူးပေးနိုင်ခဲ့ ပါသည်။ ယခုအခါ မူလစက်စွမ်းအား၏ ၅၀ % ဖြစ်သည့်တစ်နှစ်လျှင် တန်ချိန် ၁၂၅၀၀ တန် ရောစပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ မိမိတို့ဝန်ကြီးဌာနနှင့် အခြားသောဝန်ကြီးဌာနများအတွက် စက်ဆီ/ ချောဆီ များ ပြန်လည်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ၂၃၀ ကေဗွီ သီလဝါဓာတ်အားခွဲရုံသို့ရောက်ရှိရာ စက်ရုံမှူးက ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်ကြီးများ မောင်းနှင်နေမှု အခြေအနေနှင့် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အား ခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ၊ ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။