The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၅ ) ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊အငယ်တန်း အင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။  

               အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ “ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် အဆင့်ဆင့််စိစစ်ရွေးချယ်ခန့်ထားခဲ့ပြီးသည့် အငယ်တန်းအင်ဂျင်နီယာ(၂) (၉၃)ဦးအနက်မှ ပထမအသုတ်အနေဖြင့်(၃၀)ဦးအား စာတွေ့/လက်တွေ့သင်တန်း (၄)ပတ်ကြာ  ဖွင့်လှစ်ပို့ချ ပေးသွားမည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းတိုင်း ထိုက်သင့်သည့် ပညာအရည် အချင်း၊ ပင်ကိုယ်စွမ်းရည်၊ လုပ်ငန်းစွမ်းဆောင်မှု၊ စိတ်ဓါတ်၊ ကြိုးစားအားထုတ်မှုနှင့် စွမ်းအား ကိုယ်စီ ရှိကြပါကြောင်း၊ အဆိုပါ ရှိပြီးသားစွမ်းရည်များကို လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အကျိုးရှိရှိ၊ အံဝင်ခွင်ကျ ခေတ်စနစ်နှင့်အညီ အသုံးချနိုင်မှသာ အဖွဲ့အစည်း၏လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းအတွေ့အကြုံ နည်းပါးနေသေးသော်လည်း သင်တန်းမှပို့ချမည့် စာတွေ့/လက်တွေ့ ဘာသာရပ်များကို မိမိတို့၏ ပင်ကိုယ်စွမ်းရည်၊ အရည်အချင်း၊ အတွေးအခေါ် အယူအဆများဖြင့် ပေါင်းစပ်၍ အပြန်အလှန်ဆွေးနွေးခြင်း၊ သင်တန်းသားများအချင်းချင်း အသိပညာဖလှယ်ခြင်းတို့ဖြင့် မိမိတို့ဌာနတိုးတက်ရေး၊ မိမိဘဝတိုးတက်အောင်မြင်မှုရရှိရေးတို့အတွက် အထူးကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် စီမံခန့်ခွဲရေး ဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်နှင့် ပစ္စည်းစီမံရေးဘာသာရပ်များကို သင်ကြားပို့ချမည့် အပြင် အဓိကဘာသာရပ်ဖြစ်သည့် အင်ဂျင်နီယာဘာသာရပ်များတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကိစ္စ၊ လျှပ်စစ်အန္တရာယ်/ဓာတ်လိုက်မှု ကင်းရှင်းရေးကိစ္စများနှင့် ဓာတ်အား ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုနေသည့် Analogue, OMR, AMR နှင့် AMI မီတာစနစ်များ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးကိစ္စ၊ ADMS စနစ်နှင့် Pilot Project ဆောင်ရွက် နေမှုများ၊ ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံများ တည်ဆောက်မှုနည်းစနစ်များ၊ Earthing or Grounding System အကြောင်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် အဓိက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာအတွေ့အကြုံနှင့် ဗဟုသုတ များကို ဖလှယ်ရန်၊ အလေ့အကျင့်ကောင်းများနှင့် နည်းစနစ်အသစ်များ ဖြစ်ထွန်းရန်နှင့် ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိသုံးစွဲနိုင်ရေးတို့သည် အလွန်အရေးကြီး ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သည့် ပြည်သူလူထု၏ လူနေမှု အဆင့်အတန်းမြင့်မားစေရေးအတွက် အဓိကအချက်များဖြစ်သည့် လျှပ်စစ်မီး စဉ်ဆက်မပြတ် ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးတိုးတက်ကောင်းမွန်ဖို့ ဖြစ်သည်နှင့်အညီ ပြည်သူများ ယုံကြည်စိတ်ချရသည့် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရေးတို့ကို အဓိက ရည်မှန်းချက်အနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင်  ရေတို ရေရှည်အစီအမံများ ချမှတ်ပြီး နိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ်အားခွဲရုံစီမံကိန်းများကို အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင် အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြား၊ ပို့ချချက်များ၊ အပြန်အလှန် ဆွေးနွေးခြင်းမှရရှိသည့် အသိပညာများ၊ သင်တန်းသားအချင်းချင်း ဖလှယ်လို့ရသည့် အတွေ့အကြုံတွေအရ တက်ကြွစွာဆောင်ရွက် ကြစေလိုကြောင်း၊ ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာ အပြည့်ဖြင့် ဆောင်ရွက်နိုင်သည့် လျှပ်စစ်အင်ဂျင်နီယာများဖြစ်အောင် ကြိုးပမ်းကြစေလို ကြောင်း” ပြောကြားခဲ့ပြီး သင်တန်းသား များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

          အဆိုပါ အငယ်တန်းအင်ဂျင်နီယာ(၂) လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၁)အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သင်တန်းသား ၃၀ ဦးဖြင့် ရက် သတ္တပတ် (၄)ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
05-Jul-2021