၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၀၈ : ၃၀ နာရီအချိန်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေး (ပေါင်းလောင်းဝန်း) အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲ များ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်တို့မှ ရတနာတန်းဝင် ကျွန်းပင်များအားလည်းကောင်း၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများက ပျိုးပင်များကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်း စိုက်ပျိုးပေးကြပါသည်။
ထို့နောက် အရာထမ်း၊ အမှုထမ်းများက ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုး၊ မာန်ဂျန်ရှား၊ စွယ်တော်၊ မြန်မာ့ရှား၊ ငုရွှေ၊ ပုန်းညှက်၊ ကုက္ကို စသည့် ပျိုးပင်ပေါင်း ၁၀၀၀ အား စုပေါင်း စိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။