ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်
၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ မီးသုံးစွဲသူ ပြည်သူလူထုများ အထိုက်အလျောက် သက်သာမှုဖြစ်စေရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ၂၀၂၁ ခုနှစ်၊ မတ်လအထိ လအလိုက် တစ်လလျှင် ၁၅၀ ယူနစ် ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့်ပြုခဲ့သည့်အပြင် လအလိုက် နောက်ဆုံးပေးသွင်းရမည့်ရက် များကိုလည်း ရွှေ့ဆိုင်းကာ နောက်ကျဒဏ်ကြေး ကင်းလွတ်ခွင့်ပြု၍ နောက်ကျပေးသွင်းစေခဲ့ခြင်း များလည်း ပြုလုပ်ခဲ့ပါသည်။
၂။ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်စေရန် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည့်အပြင် ပုဂ္ဂလိကပိုင်စက်ရုံများမှလည်း လျှပ်စစ်ဓာတ်အားများကို ဝယ်ယူဖြန့်ဖြူးပေးနေရသဖြင့် မိဘ ပြည်သူများမှ မိမိတို့ သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခများကို ပေးသွင်းမှသာလျှင် စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ် ဝယ်ယူဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။
၃။ ပြည်သူများအနေဖြင့် ယခင်နှစ်ကာလများကတည်းက လစဉ် မိမိတို့ သုံးစွဲသည့် ဓာတ်အားခကို ပေးဆောင်နေခဲ့ကြခြင်းမှာ ပုံမှန်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခုအချိန်တွင် ပြည်သူ များကို ဓာတ်အားခ မပေးချေကြရန်နှင့် လျှပ်စစ်ဓာတ်အားခများ ကောက်ခံခြင်း ရပ်တန့်ရန် အထူးအသိပေးခြင်းဆိုသည့် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့(ဖ.ဆ.လ.တ)၏ ဆောင်ရွက်ချက် သည် ပြည်သူများ သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးရန် အတွက် ဓာတ်အားထုတ်လုပ်မှုစရိတ်၊ ဝယ်ယူနေရသော သဘာဝဓာတ်ငွေ့နှင့် (LNG) ဓာတ်အားခ များအတွက် ဝင်ငွေမရရှိပါက အခက်အခဲဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများ လျှပ်စစ်မီးလျော့နည်း ရရှိကာ မီးများအလှည့်ကျပေးရသည်အထိ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်းနှင့် ပြည်သူများအတွက် ထိခိုက်မှုအန္တရာယ်ရှိလာအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။
၄။ သို့ဖြစ်ပါ၍ မိမိတို့ သုံးစွဲခဲ့သော လျှပ်စစ်မီတာခများကို လစဉ်ပုံမှန်ပေးဆောင်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန