The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ( ၁၈ ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူလူထုအား လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေးတို့နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

               အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီး ဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချူပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာန အကြီးအကဲများ သည် နေပြည်တော်ရှိ ရုံးအမှတ်(၂၇)မှ တက်ရောက်ခဲ့ကြပြီး ရန်ကုန်နှင့် မန္တလေးလျှပ်စစ် ဓာတ်အား ပေးရေးကော်ပိုရေးရှင်းတို့မှ ခေတ္တဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ခရိုင်လျှပ်စစ်မန်နေဂျာများနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများသည် သက်ဆိုင်ရာ ဒေသများမှနေ၍ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက အမှာစကားပြောကြားရာတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မီးသုံးစွဲသူပြည်သူလူထုသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေးတို့အတွက် ကြိုးစားဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍဖြစ်သည့်အပြင် ယခုလို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နေသော ကာလဖြစ်သည့်အလျောက် ဆေးရုံ များနှင့် Quarantine Center များတွင် ဓာတ်အားမပြတ်တောက်စေရေးအပြင် ပြည်သူလူထု အားလုံးမှ မိမိတို့နေအိမ်၌  Stay at home နေထိုင်နေသည့် ကာလဖြစ်၍ မိသားစုအလိုက် လိုအပ် သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန်နှင့် မီးပျက်ခြင်းမရှိအောင် ကြိုးစားဆောင်ရွက်ထားရန်လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက် စေရေး၊ ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးနှင့်  ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက် ရှိပါ ကြောင်း၊ သို့ရာတွင် ယခုအချိန်၌ ရာသီဥတုကြောင့်၊ တိရစ္ဆာန်များကြောင့်၊ သစ်ပင်သစ်ကိုင်း များကြောင့် စသည့်အချက်များဖြင့် ဓာတ်အားပြတ်တောက်မှုများ ရှိနေပါသေးကြောင်း၊ ထိုသို့ ပြတ်တောက်နေမှုများကို နောင်တွင် လျှပ်စစ်ဓာတ်အား (လုံးဝမပြတ်တောက်စေရေး) ဆိုသည့် ရည်မှန်းချက်နှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် ဓာတ်အားလိုင်းအပြစ် ကြောင့် မီးပျက်မှုများအပေါ်တွင်လည်း နောင်မဖြစ်စေရန် မည်သို့ဆောင်ရွက်မည်ကို စိစစ် စဉ်းစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် ဝန်ထမ်းအားလုံးမှ တက်ညီလက်ညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုအချိန်ကာလသည် မိုးရာသီကာလ ဖြစ်သည့်အလျောက် ပြည်သူများသို့ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ပညာပေး သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထိုသို့ခုတ်ထွင်ရှင်းလင်းရာတွင်လည်း မီးပိတ်၍ တစ်ကြိမ် ခုတ်ထွင်ပြီးသည်နှင့် နောင်မီးပိတ်ခြင်း မပြုလုပ်ရအောင် ခုတ်ထွင်ရှင်းလင်းထားသည့်အတိုင်း ဆက်လက်ထိန်းသိမ်းရှင်းလင်းရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဗို့အားမြင့် ဓာတ်အားလိုင်းကြီးများ နှင့်ဓာတ်အားခွဲရုံများ ကြံ့ခိုင်မှုရှိပြီး ဓာတ်အားစနစ် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အား လေလွှင့်ဆုံးရှုံးမှု လျှော့ချရေးတို့အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သော ဓာတ်အားခွဲရုံများနှင့် ဓာတ်အားလိုင်းများအား အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခများ ကောက်ခံမှု၌ မီတာဖတ်ဝန်ထမ်း မလုံလောက်ခြင်းအပါအဝင် အခြားအခက်အခဲများ တွေ့ကြုံခဲ့ရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး တာဝန်ရှိသူများအနေဖြင့် မီတာဖတ် ဝန်ထမ်း လုံလောက်စွာ ပြန်လည်ခန့်ထားနိုင်ရေး ကြိုးပမ်းသွားကြစေလိုကြောင်း၊ မီတာခ ကျသင့်ငွေ ဖြတ်ပိုင်းဖြန့်ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အင်ဂျင်နီယာများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ဝန်ထမ်းအသစ် များ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ဓာတ်အားခ ကောက်ခံငွေများသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ အတွက် ပြန်လည်အသုံးပြုသွားရမည့် ဘဏ္ဍာငွေများဖြစ်ပါသဖြင့် ဓာတ်အားခရရှိရေး ဆောင်ရွက် ခြင်းသည် မိမိတို့ ဝန်ထမ်းများ၏ အဓိကတာဝန်ဖြစ်ပြီး ဓာတ်အားခပေးဆောင်ရန်မှာ မီးသုံးစွဲသူ ပြည်သူများ၏ တာဝန်ဖြစ်ပါကြောင်း၊ ယခု ပြည်သူများသုံးစွဲခဲ့ပြီး ဓာတ်အားခများ ကောက်ခံ နေခြင်းသည် မိမိတို့သုံးစွဲပြီး ကျသင့်ငွေကို ပေးဆောင်ခြင်းဖြစ်၍ လုပ်ရိုးလုပ်စဉ်ပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့၏ တာဝန်ကိုကျေပွန်အောင် ဆောင်ရွက်ခြင်းဖြင့်  နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရန် လိုအပ်ပါကြောင်း၊ မီတာခကောက်ခံရရှိရေး ဝန်ထမ်းများအနေဖြင့် လက်တွဲညီညီဖြင့် ဆက်လက် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို တိကျစွာ လိုက်နာစေလိုပါကြောင်းနှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များကိုလည်း လိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။  

          ထို့နောက် ဦးစီးဌာန၊လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဌာနကြီးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ခရိုင်လျှပ်စစ်မန်နေဂျာများနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာများက ဓာတ်အားခွဲရုံများအလိုက် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့မှုအခြေအနေ၊ မြို့နယ်အသီးသီးရှိ ထရန်စဖော်မာတစ်ခုချင်းအလိုက် ဓာတ်အားပြတ်တောက်ခဲ့မှုအခြေအနေနှင့် ဓာတ်အား ပြတ်တောက်မှုမဖြစ်ပေါ်စေရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၏ အစီအစဉ်များအား အသီးသီးရှင်းလင်း တင်ပြကြပါသည်။ ထို့နောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
18-Aug-2021