၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်
2nd Belt and Road Energy Ministerial Conference ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ National Energy Administration မှ ကြီးမှူး၍ Virtual Format နှင့် In-person ပုံစံ နှစ်မျိုးစလုံးဖြင့် တက်ရောက် နိုင်သော Hybrid Mode ဖြင့် ကျင်းပလျက်ရှိရာ အဆိုပါကွန်ဖရင့်သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ဌာနအကြီးအကဲများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
2nd Belt and Road Energy Ministerial Conference သည် စွမ်းအင်သုံးစွဲမှုပုံစံများ ပြုပြင် ပြောင်းလဲမှုနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို နိုင်ငံအများနှင့် ပူးပေါင်းတုံ့ပြန် ရာတွင် ကူညီအားပေးနိုင်ရန်အတွက် "Joint Hands towards a Greener and More Inclusive Energy Future" ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါကွန်ဖရင့်၏ ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးမှ အဖွင့်အမှာစကားအား Video Clip ဖြင့် ပြောကြားခဲ့ပါသည်။
ကွန်ဖရင့်တွင် Belt and Road Energy ဝန်ကြီးများ၊ သံအမတ်များ၊ နိုင်ငံတကာမှ စွမ်းအင်ဝန်ကြီးများနှင့် စွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ ကုလသမဂ္ဂ၏ စွမ်းအင်ကဏ္ဍ ဆိုင်ရာအကြီးအမှူးများ၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများမှ ထိပ်တန်းပုဂ္ဂိုလ်များ၊ တရုတ်နိုင်ငံတက္ကသိုလ်များမှ ပညာရှင်များပါဝင်တက်ရောက်ကြပြီး ကာဗွန်ကင်းစင်သောပတ်ဝန်းကျင် ကောင်းများတည်ဆောက်ခြင်း၊ အစိမ်းရောင်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မူဝါဒများနှင့် ဈေးကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ခြင်းနှင့် ဘဏ္ဍာရေး အထောက်အပံ့ကောင်းများ ကူညီဆောင်ရွက်ပေးခြင်းစသည့် Belt and Road ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် သန့်စင်ပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော စွမ်းအင်သုံးစွဲမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အစိမ်းရောင်စွမ်းအင်ဖွံဖြိုးတိုးတက်ရေးအတွက် ကုန်ကျစရိတ်များလျှော့ချနိုင်မည့် ပိုမိုကောင်းမွန်သော နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများရှာဖွေ၍ အဆိုပါနည်းပညာနှင့် တီထွင် ဆန်းသစ်မှုများအတွက် ပူးပေါင်းသုတေသနပြုခြင်းများကို တိုးချဲ့ဆောင်ရွက်ခြင်းနှင့်ရရှိလာသည့် နည်းပညာတီထွင်ဆန်းသစ်မှုများ၏ ရလဒ်များကို ချောမွေ့စွာဖြင့် နိုင်ငံဖြတ်ကျော် စီးပွားရေး ကူးလူးဆက်နွယ်ဆောင်ရွက်စေခြင်းစသည်ဖြင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်စေရေးနှင့် စပ်လျဉ်း၍လည်းကောင်း နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် Terms of Reference of the Belt and Road Energy Partnership ကို အတည်ပြုခြင်းနှင့် Qingdao Initiative for Belt and Road Green Energy Cooperation ကို ကြေညာခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။