The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၂ ) ရက်

               နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက် သုံးစွဲလျက်ရှိသည့်အတွက် အဆိုပါတိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အထူး အလေးထား ဆောင်ရွက်လျက်ရှိရာ ဓာတ်အားပေးစက်ရုံအသစ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်စွမ်းရည် ကျဆင်းနေသည့် ဓာတ်အား ပေးစက်ရုံများအား အဆင့်မြှင့်တင် ပြင်ဆင်ခြင်းတို့ကို စီမံဆောင်ရွက်လျက်ရှိပါသည်။

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေး ခန်းမတွင် စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များ မောင်းနှင်ခဲ့မှုအခြေအနေ၊ ဓာတ်ငွေ့ရရှိသုံးစွဲမှုအခြေအနေနှင့် စက် များ၏ ပြုပြင်ဆောင်ရွက်မည့် အခြေအနေများဖြစ်သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် မတ်လအတွင်း ဓာတ်ငွေ့တာဘိုင် အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၃)စက်များ ပြင်ဆင်မည့် အခြေအနေအားလည်းကောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ဆောင်ရွက်မည့် ဘွိုင်လာအဟောင်းဖြုတ်သိမ်းခြင်း၊ ဘွိုင်လာအသစ် ဝယ်ယူတပ်ဆင်၍ စမ်းသပ်မောင်းနှင်ခြင်းနှင့် ရေနွေးငွေ့တာဘိုင်ပြင်ဆင်မည့် အခြေအနေ အား လည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်ရုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဓာတ်အားပေးစက်များ အဆင့်မြှင့်တင်၍ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးတို့အား အထူးဂရုပြု ဆောင်ရွက်ရန်နှင့် ယခုစက်များ အဆင့်မြှင့်တင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက မူလက ဓာတ်ငွေ့တာဘိုင် (၂)လုံးမှ ၆၀ မဂ္ဂါဝပ် နှင့် ရေနွေးငွေ့တာဘိုင်မှ ၂၄ မဂ္ဂါဝပ် စုစုပေါင်း ၈၄ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိမှ  ဓာတ်ငွေ့တာဘိုင် (၃)လုံးမှ ၉၀ မဂ္ဂါဝပ်နှင့် ရေနွေးငွေ့တာဘိုင်မှ ၃၃မဂ္ဂါဝပ် စုစုပေါင်း ၁၂၃ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်သဖြင့် ယခင် ထုတ်လုပ်မှုထက် ၃၉ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် ဓာတ်ငွေ့တာဘိုင် (၃)လုံးအား သတ်မှတ်ထား သည့် ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းနှင့် ရေနွေးငွေ့တာဘိုင်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတို့တွင် စီးပွားဖြစ်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထိန်းချုပ်ခန်းနှင့် လှော်ကားပင်မဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

               ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ကမာနတ်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အား လက်ခံ ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေများနှင့် ထရန်စဖော်မာတိုးချဲ့တည်ဆောက်ရန် မြို့ပြ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အား ပြည့်ပြည့်ဝဝဖြင့် ပြည်သူလူထု အသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင် ကောင်းမွန်ရေးနှင့် ထရန်စဖော်မာ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများ အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

               ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ ပဲခူးမြို့ရှိ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံး၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ နိုင်ရေး နည်းလမ်းများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်သွားရန်၊ သုံးစွဲခဲ့သည့် ဓာတ်အားခကောက်ခံခြင်းများကိုလည်း သတ်မှတ်ရက် များထက် ဖြေလျော့၍ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည့်အတွက် ၎င်းရက်များအတိုင်း သတ်မှတ် လျှပ်စစ်ဓာတ်အားခကျသင့်ငွေများ အပြည့်အဝရရှိစေရေး ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ များ၊ ဘဏ္ဍာရေးတာဝန်ခံများမှ ဆောင်ရွက်သွားရန်နှင့် မီတာဖတ်ခြင်း၊ မီတာဘေလ် ဝေခြင်းနှင့် ဓာတ်အားခကောက်ခံခြင်း ကိစ္စရပ်များကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ၄င်းအပြင် မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ အပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
22-Dec-2021