The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ()ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြို့ပြအင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှု မွမ်းမံ သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

                  အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲ များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သားများ တက်ရောက်ကြပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌  စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် ပညာခေတ်ကြီးတွင် ကျင်လည်ရာ လုပ်ငန်းခွင်အသီးသီးမှ အသိပညာ၊ အတတ် ပညာများအပြင် ပိုမိုကောင်းမွန်သော၊ ဆန်းသစ်သော နည်းပညာများနှင့်ထိတွေ့ခွင့်ရရှိပြီး အမြင်ချင်း ဖလှယ်ဆွေးနွေးကြခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက်လာစေရန် ယခု မြို့ပြ အင်ဂျင်နီယာများ လုပ်ငန်းကျွမ်းကျင်မှု မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ ခေတ် ကမ္ဘာတစ်ဝှမ်းလုံးအနေဖြင့် လူနေမှုစနစ် တိုးတက်စေရေး တည်ဆောက်ဆောင်ရွက်ရာမှာ သဘာဝ ပတ်ဝန်းကျင်၊ လူနေမှုပတ်ဝန်းကျင်နှင့် ဂေဟဗေဒစနစ်တို့ကို တတ်နိုင်သမျှ ထိခိုက်မှု မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပျက်စီးမှုများမှ ကာကွယ်ခြင်း၊ ပျက်စီးမှုတွေကို လျော့ပါး သက်သာ စေရေးကုစားမှုများပြုလုပ်ခြင်းတို့ကို အထူးတလည်အလေးထား ဆောင်ရွက်လာကြပြီ ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မည့် ဆိုးကျိုးများကို လျော့ပါးစေသော လူမှုပတ်ဝန်းကျင်နှင့် ဂေဟဗေဒစနစ်အား ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် Green or Sustainable Building တည်ဆောက်ရာ၌ ထည့်သွင်းစဉ်းစားမည့် အချက်အလက်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော် အစိုးရ၏ မူဝါဒဖြစ်သည့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရန် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေးအဓိကဟူသော အချက်အား လိုက်နာ၍ ယုံကြည်စိတ်ချရသော တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ပြည်သူများအပြည့်အဝသုံးစွဲခွင့်ရရှိရေး ဘက်ပေါင်းစုံမှ ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများ၊ မဟာဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အပါအဝင် နယ်စပ်ဒေသများပါ မကျန် ရေတို/ ရေရှည် အစီအမံများချမှတ်၍  အကောင်အထည်ဖော်နိုင်ရေး အကြို စူးစမ်း လေ့လာမှု များ ဆောင်ရွက်ရာမှာ လက်တွေ့မြေပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်ရန် ခက်ခဲသည့် ဒေသများ အတွက် အသုံးချနိုင်မည့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းနည်းပညာကို ဆွေးနွေးခြင်းအားဖြင့် ဓာတ်ပုံများမှရရှိသည့် Digital အချက်အလက်များဖြင့် မြေပုံထုတ်ခြင်း၊ မြေပြင်၌တည်ရှိသော အရာ ဝတ္ထုများ၏ အနိမ့်/ အမြင့်နှင့် အရွယ်အစား တိုင်းတာခြင်းစသည်တို့ကို အလွယ်တကူ ဆောင်ရွက် နိုင်မှာဖြစ်ပါကြောင်း၊  မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ခြင်း လုပ်ငန်းများတွင် အသုံးပြုမည့် ကွန်ကရစ်လုပ်ငန်းအတွက် ခေတ်နှင့်လျော်ညီသော လုပ်ငန်းသုံး ပစ္စည်းအမျိုးအစားများ၊ ဖျော်စပ်မှု နည်းပညာသစ်များသည် စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲလျက်ရှိသကဲ့သို့ မြို့ပြပိုင်းဆိုင်ရာ အဆောက်အဦများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအတွက်လည်း ခေတ်နှင့်အညီ လိုအပ်ချက်အရ ပြန်လည်ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ နည်းပညာသစ်များ ပေါ်ထွန်းလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် မရှိမဖြစ် အရေးပါလှသော ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ၌ ဓာတ်အားခွဲရုံနှင့် Transmission Line Equipment များ တပ်ဆင်စမ်းသပ်ခြင်းလုပ်ငန်း၊ ဓာတ်အား ခွဲရုံ အဆောက်အဉီ တည်ဆောက်ခြင်းလုပ်ငန်း၊ ဓာတ်အားခွဲရုံ မြေနေရာပြုပြင်ခြင်းလုပ်ငန်းများ၊ မြို့ပြဒီဇိုင်းပိုင်းဆိုင်ရာ တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ၊ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ အဆောက်အဦ တည်ဆောက်မှုပိုင်းဆိုင်ရာ လုပ်ငန်းအရည်အသွေးစစ်ဆေးခြင်း၊ လုပ်ငန်းပြီးစီးမှုစစ်ဆေးခြင်း စသည်တို့နှင့် ပတ်သက်၍ သိကောင်းစရာများတို့ကို ဆွေးနွေးပို့ချသွားမည် ဖြစ်သည့်အတွက်  မြို့ပြပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့ကိုယ်ကို ယုံကြည်မှုရှိရှိနှင့် အကျိုးအရှိဆုံး အနေအထားဖြင့် ဆောင်ရွက် သွားနိုင်မှာဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရေး အတွက် ကျွမ်းကျင်မှု ဆိုင်ရာမွမ်းမံသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ သင်တန်းနည်းပြနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
01-Feb-2022