The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း/မအူပင်ရေနံမြေ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၂  ခုနှစ်၊   မတ်လ  (  ၇  )ရက်                   

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ် မတ်လ ၆ ရက်နေ့ မနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်း/ မအူပင်ရေနံမြေ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

               ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်တုန်း/ မအူပင်ရေနံမြေသို့ ရောက်ရှိရာ ရေနံမြေခေတ္တမန်နေဂျာ ဦးဌေးဝင်းမှ ညောင်တုန်း-မအူပင် ရေနံမြေ၏ တည်နေရာ အကျယ်အဝန်း၊ လေဆီနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေ၊ လေဆီနှင့် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် တွင်းသစ်များ တူးဖော်မှုအခြေအနေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ အနီးတစ်ဝိုက်ရှိ ကျေးရွာများနှင့်ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးမှုအခြေအနေ၊ လေဆီ သိုလှောင်ကန်နှင့် ပိုက်လိုင်းများ ပြုပြင်တည်ဆောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုထုတ်လုပ်နိုင်ရေး၊ တွင်းသစ်များတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းများကို ဆောင်ရွက်ရန်၊ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေ စေ‌ရန် ဆောင်ရွက်ပေးရေး၊ သဲကြောအသစ်များ ထပ်ဖောက်ရေး၊ ညောင်တုန်း-သာပေါင်း (၁၀) လက်မ (၅၅)မိုင် ပိုက်လိုင်းလမ်းကြောင်းပြောင်း တည်ဆောက်မှုလုပ်ငန်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများ ချွေတာ သုံးစွဲရေး၊ ပိုက်လိုင်းများ တည်ဆောက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနိုင်ရေး၊ လျှပ်စစ်မီးကို ချွေတာ သုံးစွဲရေးတို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။

               ညောင်တုန်း/မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် လေဆီ (၇၀) စည် (condensate) နှင့် သဘာဝဓာတ်ငွေ့ (၂၂.၅) ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိပြီး လေဆီအား ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်) ရေနံချက်စက်ရုံသို့ ပို့ဆောင်၍ နိုင်ငံတော်အတွက် လိုအပ်သော စက်မောင်းဆီများအား ထုတ်လုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် အဆိုပါဒေသမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ၊ ကန်ကြီးထောင့်)၊ ရေနံ ဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ အများ ပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG သုံးမော်တော်ယာဉ်များအတွက် ဖြန့်ဖြူးပေးလျက် ရှိပါသည်။

               ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) ၏ ကုန်ထုတ်လုပ်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
07-Mar-2022