၂၀၂၂ ခုနှစ်၊ မတ်လ ( ၂၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၁ ရက်နေ့ ၊ နံနက်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ် / ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင် ရယူသုံးစွဲမှုများကြောင့် လေလွင့် ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများအား သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေးတာဝန်ခံများက အောက်ခြေထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး ပညာပေး သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းသွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏တိုး တက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ် နွေရာသီအမီ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ရှိ ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး စုစုပေါင်း ၁၉၅ မဂ္ဂါဝပ်ထိ တိုးတက်ထုတ်လုပ် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၁၃၅ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျှင်စွာ ပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားမရရှိသေးသည့် မြို့များနှင့် ကျေးရွာများသို့ ဓာတ်အားရောက်ရှိ ဖြန့်ဖြူးပေးနိုင်ရန်အတွက် နည်းလမ်းရှာဖွေခြင်း၊ ကြိုတင် တိုင်းတာတွက်ချက်မှုများ ပြုလုပ်ခြင်းများ ဆောင်ရွက်ပြီး နှစ်အလိုက် ရံပုံငွေလျာထား စီမံ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ကြရန်၊ ယခုကဲ့သို့ ဓာတ်အားလျော့နည်းထုတ်လုပ်မှု ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများကို ပြည်သူများ သိရှိနားလည်စေရေး ရှင်းပြကြရန်၊ ဝန်အား လျော့ချ၍ အလှည့်ကျ ဓာတ်အားပိတ်ရခြင်းများကို စနစ်တကျဆောင်ရွက်၍ လိုင်းအပြစ် ဖြစ်၍ ဓာတ်အားပြတ်ခြင်းများ ဖြစ်ပေါ်ပါက အဆင့်ဆင့် သတင်းပို့ ဝိုင်းဝန်းပြင်ဆင်၍ အမြန်ဆုံး ဓာတ်အားပြန်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် သုံးစွဲထားသည့် ဓာတ်အားခများ ပြန်လည် ရရှိရေးတို့ကိုလည်း ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာမှ ခရိုင်အတွင်းရှိ မြို့နယ်များ၏ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံ များကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဝင်းက ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။