The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်အားလျော့ချ၍ ဓာတ်အား ထိန်းညှိဖြန့်ဖြူးပေးနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်

              ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်အားလျော့ချ၍ ဓာတ်အားထိန်းညှိဖြန့်ဖြူးပေးနေရ သည့် အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၁ ရက်နေ့ (၁၆:၃၀) နာရီအချိန်တွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

                အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းနိုင်ဦးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေမှု အခြေအနေများအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မှ လျှပ်စစ်ဓာတ်အား ထိန်းညှိပို့လွှတ်နေမှု အခြေအနေများအားလည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးမှ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူပေးနေမှု အခြေအနေများအားလည်းကောင်း၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေများအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပါသည်။

               ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက အမှာစကားပြောကြားရာတွင်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို တိုးတက်နိုင်သမျှ တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် ဘီလူးချောင်း (လောပိတ) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား (၂၂၀) မဂ္ဂါဝပ်ကို သယ်ယူနိုင်ရန် ဖျက်ဆီးခံထားရသည့် တာဝါတိုင်(၂၂)တိုင်အား အမြန်ဆုံးပြုပြင်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ဖြူဒေသမှ ထွက်ရှိလာမည့် LNG to Power ထုတ်လုပ်မည့် စက်ရုံအား Gas to Power အဖြစ်ပြောင်းလဲကာ (၁၅၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်အောင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၄င်းအပြင်  တာပိန်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ် ဓာတ်အား(၁၂၀)မဂ္ဂါဝပ်ခန့်ကိုလည်း အမြန်ဆုံးဝယ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံပိုင်စက်ရုံများအဖြစ်တည်ဆောက်လျက်ရှိသော အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း(၂၈၀)မဂ္ဂါဝပ်၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း(၅၁) မဂ္ဂါဝပ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း (၁၁၁)မဂ္ဂါဝပ်နှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း (၁၅၂) မဂ္ဂါဝပ်တို့ကို သတ်မှတ်ကာလများအတိုင်း လျှပ်စစ်ဓာတ်အား ထွက်ရှိလာနိုင် အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၄င်းအပြင် ရရှိနေသော လျှပ်စစ်ဓာတ်အားများကို လည်း လျော့နည်းပျောက်ဆုံးမှုမရှိစေရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တရားမဝင် ဓာတ်အားခိုးယူသုံးစွဲနေမှုများကို တားဆီးခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ဝန်အားထိန်းညှိမောင်းနှင်ရာတွင် သုံးစွဲမှုပမာဏကို ဓာတ်အား စနစ်အတွင်း တည်ငြိမ်အောင် ဓာတ်အားထိန်းညှိ၍ မောင်းနှင်နေရသောကြောင့် အလှည်ကျ ဓာတ်အားပေးရန် သတ်မှတ်ထားသည့် အချိန်အတွင်း ဓာတ်အားမပေးနိုင်ခြင်း၊ ဓာတ်အား ပေးနေစဉ် တခါတရံ ဓာတ်အားပြန်ပိတ်ရခြင်းများမှာ သက်မှတ်ဝန်အားထက် ပိုမို လျော့ချရခြင်း ကြောင့် ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ခြင်းများသည် အချိန်ပိုင်းအလိုက် ပေးဝေနေရ သည့်အတွက် ဓာတ်အားအလှည့်ကျ ရရှိသည့်အချိန်တွင် မီးသုံးစွဲသူများမှ သုံးစွဲမှုအမျိုးမျိုးဖြင့် တစ်ပြိုင်တည်း ပိုမိုသုံးစွဲမှုများကြောင့်ဖြစ်ပါကြောင်း၊ ၄င်းအပြင် လက်ရှိသုံးစွဲနေသော ရိုးရိုးမီးလုံးများသည် မီးသုံးစွဲမှုပမာဏများသဖြင့် ထက်ဝက်ခန့် ဝန်အားသုံးစွဲမှု သက်သာသော LED မီးလုံးများ လဲလှယ်၍ တပ်ဆင်ခြင်းဖြင့် မီတာခကုန်ကျစရိတ် သက်သာသည့်အပြင် လျှပ်စစ်ဝန်အားများ လည်း သက်သာမည်ဖြစ်သဖြင့် မီးသုံးစွဲသူပြည်သူများအား စည်းရုံးပြောဆို ပေးရန် လိုအပ် ပါကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ အနေဖြင့်လည်း အိမ်ထောင်စုတစ်စုခြင်း အလိုက် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုသာ ခြိုးခြံချွေတာ၍ မလိုအပ်သော လျှပ်စစ်မီးကို ပိတ်၍ သုံးစွဲခြင်းဖြင့် ကျန်သုံးစွဲလိုသူများကို တိုးချဲ့ဖြန့်ဝေ၍ ပေးနိုင်မည်ဖြစ်ပါသဖြင့်  ခြိုးခြံသုံးစွဲကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ တိုင်းဒေသကြီးအနေဖြင့် မီးသုံးစွဲသူ ပြည်သူများ နားလည်အောင် မလိုအပ်သော မီးကိုပိတ်၍ သုံးစွဲတတ်စေရန် စည်းရုံးပြောဆိုကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အနေဖြင့် ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ​မေးမြန်း ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ် သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
22-Mar-2022