The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဧပြီလ ( ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များကို ကာလတို၊ ကာလလတ် နှင့် ကာလရှည် စီမံကိန်းများဖြင့် အဆင့်ဆင့်လျာထားစီစဉ်ဆောင်ရွက်လျက် ရှိရာ အဆိုပါ လျာထားစီမံကိန်းများအနက်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၁၇)မိုင်ခန့်အကွာ ဝမ်တာပုံကျေးရွာအထက်ဘက် နမ့်လွေမြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားဆောင်ရွက်မည့် ဝမ်တာပုံရေအားလျှပ်စစ်စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ဝမ်တာပုံ ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်မည့်နေရာသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တာဝန်ရှိသူတို့က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပဏာမစူးစမ်းလေ့လာတိုင်းတာ ရရှိထားမှု အခြေအနေများ နှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများအား အသီးသီးရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက  မိမိတို့ပြည်တွင်းရှိ ရေအား လျှပ်စစ်အရင်းအမြစ်များက ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားများကို ဦးစားပေးထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ မြစ်ချောင်းများ ပေါ်၌ ရေအားလျှပ်စစ် စက်ရုံစီမံကိန်းများ ဆောင်ရွက်ခြင်းအားဖြင့် မြစ်ကြီးများ၏ရေစီးသန်မှုကို ထိန်းပေးနိုင်ခြင်းအပြင် မြစ်ရေကြီး ရေလျံမှုနှင့် နွေရာသီရေခန်းခြောက်မှုကို တစ်စိတ်တစ်ပိုင်း ထိန်းညှိပေးနိုင်မှု အကျိုးကျေးဇူး ရရှိလာမှာဖြစ်သည့်အပြင် အချို့သောနေရာများ၌ ရေကြောင်း သွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးများ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမှုသည် အဓိကကျသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏သဘာဝအရင်းအမြစ်များကို အ​ခြေခံ၍ စီးပွားရေးအရ တွက်ချေကိုက် ပြီး သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့်   ရေအား လျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ နိုင်ငံတော်၏ နှစ်စဉ်တိုးတက် သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊  လျှပ်စစ်မီးရရှိလာပါက စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုလာရောက် ကြည့်ရှုသည့် ဝမ်တာပုံ ရေအားလျှပ်စစ် စီမံကိန်း သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက်(၁၇)မိုင်ခန့်အကွာ ဝမ်တာပုံရွာအထက်ဘက် နမ့်လွေမြစ်ပေါ်တွင် Gravity Dam တည်ဆောက်၍ စက်တပ်ဆင် အင်အား (၈၈) မဂ္ဂါဝပ်ရှိ ဓာတ်အား ပေးစက်(၂)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား (၁၇၆) မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၈၀၂) သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ပဏာမလေ့လာစူးစမ်းမှုအရ တွေ့ရှိရသဖြင့် စီမံကိန်းမှ ထွက်ရှိ လာမည့် လျှပ်စစ်ဓာတ်အားများ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင် သည်အထိ အဆင့်ဆင့် ဆက်လက်စူးစမ်းလေ့လာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေး အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေး ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ၊ ထို့အပြင် လက်ရှိ ရေအားလျှပ်စစ်စက်ရုံများရှိ ရေလှောင်ကန်များတွင် လာမည့် မိုးရာသီအမီ ရေလုံလောက်သည် အထိ ဝန်အားလျော့ချ ထိန်းသိမ်း၍ ပြည်သူများကို အလှည့်ကျ အချိန်ပိုင်းစနစ်ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနေရခြင်းအား နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် ရေအား လျှပ်စစ်စက်ရုံများမှ နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း မှာကြားခဲ့ပြီး စီမံကိန်းဆောင်ရွက်မည့် နေရာပတ်ဝန်းကျင်နှင့် ပင်မတမံ တည်ဆောက်ရန် လျာထားနေရာတို့အား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
08-Apr-2022