The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့ပါဝင်တက်ရောက်

၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၀) ရက်

             တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေး (Third BIMSTEC Energy Minister's Meeting) ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၌ နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူး ကျင်းပခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်သန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးကို နီပေါနိုင်ငံ စွမ်းအင်၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး H.E. Ms. Phampha Bhusal က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့မှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာဝန်ကြီးများက မိမိတို့နိုင်ငံအလိုက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အားစနစ်ချိတ်ဆက်မှုလုပ်ငန်းဆိုင်ရာ Master Plan ရေးဆွဲရေး လေ့လာဆောင်ရွက်နေမှုလုပ်ငန်းများ၊BIMSTEC Energy Center  ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားရောင်းဝယ်ရေးလုပ်ငန်းများ ပိုမို တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး တတိယ၊ စတုတ္ထနှင့် ပဉ္စမ အကြိမ် ဘင်းမ်စတက်စွမ်းအင် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်များကို အတည်ပြုခြင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ အကြား ပူးတွဲကြေငြာချက်ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

             ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးမတိုင်မီ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် စွမ်းအင်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံရေးဦးစီး ဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြပါသည်။

             ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး()  ကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
20-Apr-2022